မြန်မာနိုင်ငံမှာ စက်ရုံလုပ်သားပေါင်း ၇သိန်းကျော်ရှိပါတယ်။

ကိုဗစ်ရိုက်ခတ်မှုကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေက ထုတ်ကုန်တွေကို ပြည်ပဝယ်လိုအား ကျလာတဲ့အတွက် ဝန်ထမ်းအင်အား လျှော့ချမှုများ ဖြစ်ပေါ်လာနိုင်ချေရှိပြီး ဈေးကွက်အခြေအနေဆက်လက်ဆိုးရွားနေပါက စက်တင်ဘာ နောက်ပိုင်းမှာ အလုံးအရင်းနဲ့ဝန်ထမ်းလျှော့ချမှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

“အထည်ချုပ်လုပ်ငန်းတွေရဲ့ ပြည်ပဝယ်လိုအားတွေ လျှော့ကျလာတဲ့အတွက် လုပ်ငန်းဆက်လက်ရပ်တည် နိုင်ဖို့ ဝန်ထမ်းအင်အားလျှော့ချရနိုင်တယ်လို့တော့ ပြောထားတာရှိပါတယ်။ စက်တင်ဘာ နောက်ပိုင်းမှာ ဖြစ်နိုင်ချေရှိပြီး ဒီကြားထဲမှာ အဆင်ပြေသွားရင်တော့ တစ်မျိုးပြောင်းလဲသွားနိုင်ပါသေးတယ်။”လို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဦးက Duwun ကိုပြောပါတယ်။



ကိုဗစ် ကပ်ရောဂါ ကာလဖြစ်တဲ့အတွက် လုပ်ငန်းသစ်တွေတိုးချဲ့ဖို့ မဖြစ်နိုင်သလို ရှိရင်းစွဲလုပ်ငန်းတွေကလည်း ဝန်းထမ်းသစ် ခန့်အပ်တာထက် ရှိတဲ့ ဝန်ထမ်းကို လျှော့ချပြီး ပုံစံမပျက် ဆက်လက်လည်ပတ်နိုင်အောင် လုပ်ဆောင်နေရတဲ့ကာလဖြစ်တဲ့အတွက် အလုပ်သစ်ပြန်ရဖို့ မလွယ်ကြောင်းလည်း ဒေါက်တာ ခင်မောင်ဦးက ထောက်ပြ ပြောဆိုခဲ့ပါသေးတယ်။

“ဝန်ထမ်းလျှော့ချတာ ဖြစ်လာရင်လည်း ဝန်ထမ်းအနေနဲ့ အခြားအလုပ်ပြန်ရှာသင့်ရင် ရှာရနိုင်ပါတယ်။ ကိုဗစ် ကလည်း တစ်နိုင်ငံတည်း ဖြစ်တာလည်း မဟုတ် ကမ္ဘာအနှံ့ဖြစ်နေတာဆိုတော့ အားလုံးအနည်းနဲ့အများထိခိုက်မှာပေါ့။ အစိုးရဘက်ကလည်း ဒီကာလကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ပေးနေပြီး ဒီအချိန်မှာ စိုက်ပျိုးရေး လုပ်ငန်းဖက်မှာ ပြန်လည်လုပ်ကိုင်မယ်ဆိုရင် အဆင်ပြေနိုင် မယ်လို့ ထင်ပါတယ်။ အခြားအလုပ်သစ်ရှာတာထက် ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေး လုပ်သားတွေ လျော့ နည်းသွားတယ်လို့ကြားတယ်၊ အခုချိန်မှာစိုက်ပျိုး ရေးကို အာရုံပြန်စိုက်မယ်ဆိုရင် အခွင့်အလမ်းတစ်ခုလို့ မြင်မိ ပါတယ်။”လို့ ဒေါက်တာ ခင်မောင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စက်ရုံ အလုပ်သမားပေါင်း ၇သိန်းကျော်ရှိပြီး ရန်ကုန်က လှိုင်သာ ယာ စက်မှုဇုန်တစ်ခုတည်းမှာ အလုပ်သမားပေါင်း ၅သိန်းကျော်ရှိနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က