နာပိုလီဟာ မနေ့ညက ကစားခဲ့တဲ့ အူဒီးနီးစ်နဲ့ပွဲမှာ တစ်ဂိုးစီသရေကျခဲ့တဲ့နောက် စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုဆင်မ်ဟန်ရဲ့ အဝေးကွင်းမှာ သွင်းယူခဲ့တဲ့ ချေပဂိုးတစ်ဂိုးက နာပိုလီကို ချန်ပီယံဖြစ်ဖို့ လုံလောက်စေခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် နာပိုလီတို့ လက်ကျန်ပွဲ (၅) ပွဲ ကစားဖို့ရှိနေချိန်မှာ ဒုတိယနေရာက လာဇီယိုကို (၁၆) မှတ်ဖြတ်နိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါဟာ နာပိုလီအတွက်တော့ (၁၉၉၀) ပြည့်နှစ်နောက်ပိုင်း နှစ်ပေါင်း (၃၃) နှစ်အကြာမှ စီးရီးအေချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နာပိုလီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ဆလာနီတာနာနဲ့ပွဲမှာကတည်းက အနိုင်ရတာနဲ့ ချန်ပီယံဖြစ်မယ်ဆိုပေမယ့် အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် အခု အူဒီးနီးစ်နဲ့ အဝေးကွင်းပွဲအထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် နာပိုလီရဲ့ ချန်ပီယံပြေးလမ်းကြောင်းမှာတော့ တိုက်စစ်မှူး အိုဆင်မ်ဟန်၊ တောင်ပံကစားသမား ရှခီလီယာနဲ့ ဗဟိုနောက်ခံလူ ကင်မင်ဂျေးတို့က အဓိက ထင်ပေါ်တောက်ပခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ လူစီယာနိုစပယ်လက်တီရဲ့ စွမ်းဆောင်ရည်ကလည်း မေ့ထားလို့မရဘဲ အသင်းကို အဓိက, ကစားသမားတွေ လက်လွှတ်ခဲ့ရတဲ့ကြားက ခေါ်ထားတဲ့ ကစားသမားတွေနဲ့ တောက်ပအောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နာပိုလီတို့ စီးရီးအေမှာ ချန်ပီယံဖြစ်သွားခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကတော့ ဒုတိယနေရာက လာဇီယိုကနေ အဆင့် (၇) နေရာက ရိုးမားအထိ ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာလည်း ဖြစ်ပါတယ်။ လက်ကျန် (၅) ပွဲ ကျန်ရှိနေချိန်မှာ လာဇီယိုနဲ့ ရိုးမားအကြား ရမှတ် ကွာဟချက်က (၆) မှတ်သာ ရှိနေတာလည်း ဖြစ်ပါတယ်။
တန်းဆင်းဇုန်မှာလည်း အနည်းဆုံး (၃) သင်းခန့် ပြိုင်ဆိုင်ရဦးမှာဖြစ်ပြီး လက်ချီ၊ စပီဇီယာ၊ ဗီရိုနာတို့ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ အဆင့် (၁၉) နေရာက ခရီမိုနီစ်နဲ့ အဆင့် (၂၀) နေရာက နာမည်ကြီး ဆမ်ဒိုရီးယားတို့ကတော့ တန်းဆင်းရဖို့ နီးစပ်နေပါပြီ။