တိရစ္ဆာန်ညှင်းဆဲမှု ဆန့်ကျင်ရေးမူနဲ့ငြိစွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့YouTube ဟာ ရာနဲ့ချီတဲ့ စက်ရုပ်တိုက်ပွဲ ဗွီဒီယိုတွေကို ဖယ်ရှားလိုက်ပါတယ်။
သြဂုတ်လ ၁၉ ရက် တနင်္လာနေ့က YouTube ကနေ ဖြုတ်ချလိုက်တဲ့ စက်ရုပ်အချင်းချင်း တိုက်ခိုက်တဲ့ဗွီဒီယိုထဲမှာ နာမည်ကျော် BattleBots channel ရဲ့ ဗွီဒီယို ၉ ခု လည်း ပါဝင်ခဲ့တယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ BattleBots ရဲ့ နောက်ဆုံး season မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဆာရေး ပိုဟော်ရက်စကီရဲ့ ဗွီဒီယိုလည်း YouTube ကနေ ဖယ်ရှားခံရတယ်လို့ဆိုပါတယ်။
Photo: linustechtips
ဖြုတ်ချလိုက်တဲ့ YouTube channel တွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ " တိုက်ခိုက်မှုလုပ်ဖို့တိရစ္ဆာန်တွေကို ညှင်းဆဲဖိအားပေးတဲ့ အကြောင်းအရာများကို YouTube မှာ ခွင့်မပြုပါ" လို့ဖော်ပြထားပါတယ်။ စက်ရုပ်အချင်းချင်း တိုက်ခိုက်မှု လုပ်တဲ့ ဗွီဒီယိုတွေတင်တဲ့ YouTube Channel နဲ့YouTuber တွေဟာ အခုလို ဖြုတ်ချခံရမှုအကြောင်း ဗွီဒီယိုတွေ ရိုက်ကူးပြီး ထောက်ပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ထောက်ပြသူတွေထဲမှာ YouTuber နဲ့စက်ရုပ်အားကစား စိတ်ဝင်စားသူ အန်တိုနီမာနေးလ်လည်း ပါဝင်ခဲ့ပြီး တိရစ္ဆာန်ညှင်းဆဲမှုလို့သတ်မှတ်တဲ့ YouTube ရဲ့ algorithm သစ်ကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ algorithm သစ်ဟာ စက်ရုပ်တိုက်ပွဲဗွီဒီယိုတွေကို ဖြုတ်ချဖို့ကြိုးစားနေတယ်ဆိုပြီး မာနေးလ်ဟာ သူ့ရဲ့ ဗွီဒီယိုမှာ ပြောခဲ့ပါတယ်။
Photo: CBR
စက်ရုပ်အချင်းချင်း တိုက်ခိုက်ကြတဲ့ ဗွီဒီယိုတွေကို YouTube ကနေ ဖြုတ်ချလိုက်ခြင်းဟာ မတော်တဆမှားယွင်း လုပ်ဆောင်မိတာ ဖြစ်တယ်လို့Futurism ကို YouTube ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြုပါတယ်။ အခုချိန်ထိတော့ YouTube ကုမ္ပဏီအနေနဲ့စက်ရုပ်တွေ တိုက်ခိုက်ကြတဲ့ ဗွီဒီယိုတွေကို ကန့်သတ်တားမြစ်တဲ့ မူဝါဒ မထားရှိသေးဘူးလို့လည်း ဆိုပါတယ်။
YouTube AI အမှားကြောင့် ဖြုတ်ချမိတဲ့ ဗီဒီယိုတွေကို အခုချိန်မှာ ပြန်တင်လို့ရပြီလို့လည်း သိရပါတယ်။