သြဂုတ်လ ၁၀ရက်နေ့ညက ရွှေပြည်သာမြို့နယ်မှာ စက်ရုံကြိုပို့ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အလုပ်သမားနှစ်ဦးကို အလုပ်ရှင်ဘက်ကနေ လူမှုဖူလုံရေးကြေး ၁၅၀၀၀၀ ကျပ်သာပေးတယ်လို့ သိရတဲ့အတွက် သေဆုံးသွားတဲ့ အလုပ်သမား ၆ ဦးစလုံးအတွက် အလုပ်သမားဥပဒေနှင့်အညီခံစားခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီယာဉ်တိုက်မှုဟာ စက်ရုံကနေ အပြန် စက်ရုံကစီစဉ်ပေးတဲ့ ဖယ်ရီကြိုပို့ကားပေါ်မှာ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးအလုပ်သမား၊ထိခိုက်ဒဏ်ရာ ရသူတွေအားလုံးဟာ လူမှုဖူလုံရေးဥပဒေ နဲ့အညီ ရသင့်ရထိုက်တဲ့အကျိုးခံစားခွင့်တွေရှိတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုနိုင်ဌေးလွင်ကပြောပါတယ်။
" သေဆုံးသူ ၆ ဦးထဲက ဧရာဝတီက မလေးလေးမြင့် အဖေကပြောတာက စက်ရုံအလုပ်ရှင်ဘက်က လူမှုဖူလုံရေးကြေး ၁၅၀,၀၀၀ ပဲပေးမယ်လို့ပြောတယ်ပေါ့။ ဒီအတွက် ကျွန်တော်တို့မိသားစုနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်တယ်။ အလုပ်သမားတစ်ယောက်ရသင့်ရထိုက်တဲ့အခွင့်အရေးကို ချပြတယ်၊ အကြံပြု ဆွေးနွေးတယ်။သူတို့ဘက်ကမှ အလုပ်သမားရပိုင်ခွင့်ရဖို့ ကူညီပေးဖို့ တောင်းဆိုရင် ကျွန်တော််တို့က ကူညီမယ်။ အခုဆိုရင် သေဆုံးသူ ၆ ယောက်ထဲက မလေးလေးမြင့်နဲ့ အညာက တစ်ယောက်တော့ ဆက်သွယ်ရထားတယ်။ သူတို့ရန်ကုန်လာပြီး အကူအညီတောင်းခံစာရေးမယ်လို့ ပြောပါတယ်" လို့ သေဆုံးအလုပ်သမားရဲ့ မိသားစုတွေကို ဥပဒေနဲ့အညီ ခံစားခွင့်ရဖို ကူညီဆောင်ရွက်ပေးမယ့်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုနိုင်ဌေးလွင်ကပြောပါတယ်။
ဓာတ်ပုံ - တေဇာအောင်
Power Fashion အထည်ချုပ်စက်ရုံနှင့် ဖယ်ရီကြိုပို့ယာဉ်မှန်လုံကားနှင့် YFM အထည်ချုပ်စက်ရုံက ဖယ်ရီကြိုပို့တဲ့ ဒိုင်နာကား ယာဉ်တိုက်မှုကြောင့် YFM အထည်ချုပ်စက်ရုံ အမျိုးသမီးအလုပ်သမား ၆ ဦးသေဆုံးခဲ့ရပြီး ကျိုးပဲ့ ထိခိုက်ဒဏ်ရာရ ရှိခဲ့သူတွေလည်း များပြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရ သူတွေထဲက တချို့ဟာ ခုချိန်ထိ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး YFM စက်ရုံဘက်ကို ဖုန်းဖြင့်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
" ဥပဒေပါ အချက်တွေအရ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရတာ မှန်ရင် ၊ သေဆုံးတာမှန်ရင် လူမှူဖူလုံရေးကြေးကို တောင်းခံလို့ရပါတယ်။ တောင်းခံတဲ့နေရာမှာ အလုပ်ရှင်ဘက်က မှန်ကန်ကြောင်း ထောက်ခံချက်တွေလိုပါတယ်" လို့ လူမှူဖူလုံရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့ပါတယ်။
အလုပ်မှာ ထိခိုက်မှုကြောင့် လူမှုဖူလုံရေးကြေးပေးသွင်းထားသူ သေဆုံးတဲ့အခါ အကျိုးခံစားခွင့်ရှိသူအဖြစ် အမည်စာရင်း ပေးသွင်းထားခြင်းခံရသူက လူမှုဖူလုံရေးကြေးပေးသွင်းထားသူ မသေဆုံးမီလေးလအတွင်းရရှိတဲ့ ပျမ်းမျှလုပ်ခအရ ထည့်ဝင်ကြေးငွေ ပေးသွင်းထား တဲ့ကာလကို အခြေပြုပြီး အောက်ပါအတိုင်း ကျန်ရစ်သူ အကျိုး ခံစားခွင့်တွေကို ထိုသူရဲ့ ဆန္ဒအရ အရစ်ကျ ဖြစ်စေ ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ရပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ နှင့်အောက် ပေး သွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာရဲ့ ၃ဝ ဆ၊ ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာရဲ့ ၅၀ ဆ၊ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့်အောက် ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ ရဲ့ ၆၀ ဆ၊ ထည့်ဝင်ကြေးငွေကို လပေါင်း ၂၄၀ အထက် ပေးသွင်း ပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာရဲ့ ၈ဝ ဆရရှိနိုင်ပါတယ်။
အကယ်၍ အမည်စာရင်း ပေးသွင်းထားခြင်းခံရသူ မရှိပါက အာမခံထားသူရဲ့ လုပ်ခကို မှီခိုနေထိုင်သူတွေဖြစ်တဲ့ သေဆုံးသူရဲ့ ဇနီး သို့မဟုတ် ခင်ပွန်း၊ ခင်ပွန်းမရှိပါက ထိုသူရဲ့ သားသမီး ၊အဲ့ဒီအားလုံးမရှိခဲ့ပါက ထိုသူရဲ့ မိခင်နှင့်ဖခင်တွေဟာ ကျန်ရစ်သူ အကျိုးခံစားခွင့်ကို အရစ်ကျ ဖြစ်စေ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိတယ်လို့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေမှာတော့ အလုပ်မှာ ထိခိုက်မှုကြောင့် သေဆုံးသူအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ဆိုပြီး ဖော်ပြထားပါတယ်။
အလုပ်တွင်ထိခိုက်မှု ဆိုတာကတော့ အလုပ်သမားဟာ အလုပ်ခွင်အတွင်းနှင့် အလုပ်ခွင်ပြင်ပမှာ အလုပ်ကို အကြောင်းပြု၍ ဖြစ်စေ ၊ အလုပ်တာဝန်နှင့်ဆက်စပ်၍ ဖြစ်စေ၊ အလုပ်ရှင်ရဲ့ အကျိုးငှာ အခြားလုပ်ငန်း ဆောင်ရွက်ရာတွင်ဖြစ်စေ ၊ ၊ အလုပ်တာဝန်ထမ်းဆောင်ရန်အလုပ်ခွင်သို့အသွား သို့မဟုတ် အလုပ်ခွင်မှအပြန် လမ်း ခရီးတွင်ဖြစ်စေ ဖြစ်ပေါ်သော မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါ ရရှိမှုကို ဆိုလိုကြောင်း ဥပဒေမှာဖော်ပြထားပါတယ်။
အလုပ်သမားတွေထည့်ဝင်ရတဲ့ လူမှူဖူလုံရေးကြေး ၅ ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်က ၃ ရာခိုင်နူန်းထည့်ပေးရပြီး အလုပ်သမားရဲ့လစာထဲက ၂ ရာခိုင်နူန်းသာ ဖြတ်တောက်ရတာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသည့်သတင်းဖြစ်ပါသည်။
Share