စပါးဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အဆိုပါ ဂျာမနီလက်ရွေးစင် ကစားသမားဟာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်လာခဲ့တာပါ။
ချဲလ်ဆီးမှာ ကျရှုံးခဲ့တဲ့နောက် အသင်းဟောင်း လိုက်ပ်ဇစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဝါနာဟာ လက်ရှိမှာတော့ လိုက်ပ်ဇစ်အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ စပါးရဲ့ ကမ်းလှမ်းမှုနဲ့အတူ သူ ကျရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ လက်စားချေဖို့ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
ဝါနာရဲ့ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့်ရှိသည့်တိုင် မဖြစ်မနေ ခေါ်ယူရမှာမျိုး မဟုတ်ဘဲ လာမယ့်နွေရာသီမှသာ အပြီးသတ်ခေါ်ယူဖြစ်၊ မခေါ်ယူဖြစ်ဆိုတာကို ဆုံးဖြတ်နိုင်တယ်လို့ သိရှိရပါတယ်။ ဝါနာဟာ ချဲလ်ဆီးမှာ ကစားခဲ့တုန်းက အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ် လွဲချော်ခဲ့သူပါ။
ဂိုးသွင်းတိုင်းလည်း လူကျွံဘော သတ်မှတ်ခံရလေ့ရှိပြီး သူ့ကို ဒုတိယမိုရာတာအဖြစ် လှောင်ပြောင်ခဲ့ကြဖူးပါတယ်။ အခု စပါးက ထုတ်ပြန်လိုက်တဲ့ ဝါနာကို ခေါ်ယူကြောင်း ဗီဒီယိုမှာလည်း ဝါနာတစ်ယောက် စကတည်းက လွဲနေပြီလို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။
ဝါနာဟာ စပါးကွင်းအမိုးထိပ်က ကြက်ဖကြီးကို လက်ညှိုးနဲ့ ထိုးပြနေခဲ့တဲ့ ဗီဒီယိုရိုက်ကွက်က ပါဝင်လာခဲ့တာပါ။ ဒါပေမယ့် ဝါနာ လက်ညှိုးထိုးနေတာက ကင်မရာရှုထောင့်အရ တည့်တည့်ကြည့်လိုက်ရင် ကြက်ဖကြီးနဲ့ လွဲချော်နေခဲ့တာကို မြင်တွေ့နေရပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဝါနာတစ်ယောက် ဘောလုံးမကန်ခင်ကတည်းက အလွဲလွဲအချော်ချော်ဖြစ်နေပြန်ပြီလို့ လှောင်ပြောင်နေကြတာဖြစ်ပါတယ်။