မကွေးတိုင်း၊ စလင်းမြို့ မြို့မစျေးမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ကနိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ပိုင်းမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၇ နာရီခွဲလောက်မှာ မီးငြှိမ်းနိုင်ခဲ့ပေမယ့် မီးလောင်မှုကြောင့် အထည်ဆိုင်၊ တောကုန်ဆိုင်၊ ကုန်စုံဆိုင် စတဲ့ဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် မီးထဲပါသွားတယ်လို့သိရပါတယ်။
ဓာတ်ပုံ - Myanmar Fire Services Department
"တောင်းတွေ၊ပလုံးတွေဘက်က စလောင်တာဆိုတော့ လောင်စာဖြစ်သလို ဖြစ်ပြီး မီးလောင်မှုများသွားတယ်၊ ဈေးရဲ့အပြင်ဆိုင်ခန်းတွေတော့ တစ်ခန်းမှမပါဘူး၊ ဈေးအတွင်းထဲကဆိုင်ခန်းတွေ တော်တော်များများပါသွားတာပါ၊ စတိုးဆိုင်၊ အထည်ဆိုင် တွေပေါ့ " လို့ စလင်းဒေသခံကပြောပါတယ်။
အဆိုပါမီးလောင်မှူနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးသလို မီးစတင်လောင်ကျွမ်းမှုအကြောင်းကိုလည်း မီးသတ်ဦးစီးဌာနဘက်ကထုတ်ပြန်ပြောဆိုတာမရှိသေးဘူးလို့သိရပါတယ်။
ဓာတ်ပုံ - Myanmar Fire Services Department
စလင်းမြို့မဈေးထဲမှာက စျေးဆိုင်ခန်းစုစုပေါင်း ၇၃၆ ခန်းရှိတယ်လို့သိရပါတယ်။
စလင်းမြို့ မြို့မစျေးမီးလောင်မှုကို စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ရေသယ်ယာဉ်(၃)စီး၊ မင်းဘူးခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကန်ပြားနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး စုစုပေါင်း (၁၃)စီးတို့ဖြင့် အချိန် တစ်နာရီကျော်အကြာ ငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။