ရန်ကုန်တိုင်းဒေသကြီးအတွင်း Smart Card ထုတ်ပေးထားတဲ့ ကျူးကျော် (၁)သိန်းကျော်က လက်ရှိကျူးနေရာမှာလည်း ယာယီနေထိုင်ခွင့်ရရှိနေပြီး အိမ်ရာနေရာရရှိတဲ့အခါမှာတော့ ပြောင်းရွှေ့နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Smart Card ထုတ်ပေးထားတဲ့ ကျူးကျော်တွေကို လုံလောက်တဲ့မြေနေရာမှာ အိမ်တွေဆောက်ပြီးပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်ကနေ သိရပါတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သတ်မှတ်ချက်တွေနဲ့အညီ Smart Card ထုတ်ပေးထားတဲ့ ကျူးကျော် တစ်သိန်းကျော်လောက်ရှိတယ်လို့သိရပါတယ်။
“ကျူးကျော်တွေထဲမှာမှ မလွတ်ကင်းတဲ့နေရာမှာနေနေရတဲ့ တကယ့်လူတန်းစားအလွှာတွေလည်းရှိတယ်။ တချို့က ကိုယ်တိုင် တိုက်တွေကားတွေရှိပြီး တမင်သပ်သပ်ကို ကျူးပြီးတော့မှ မရှိတဲ့သူတွေကို ပြန်လည်ငှားစားနေတဲ့သူတွေလည်းရှိတယ်။ အဲဒါကြောင့် ကျူးကျော်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်စစ်ဆေးပြီးတော့ တကယ်လိုအပ်တဲ့ကျူးကျော်တွေကို Smart Card တွေထုတ်ပေးထားတယ်။ Smart Card ထုတ်ပေးထားတဲ့ကျူးကျော်တွေက အဲဒီနေရာမှာပဲ ခဏဆက်နေလို့ရတယ်။ ကျူးကျော်တွေအတွက်အိုးအိမ်စီမံကိန်းလုပ်နေပြီးတော့ လုံလောက်တဲ့မြေနေရာတွေမှာ အိမ်တွေဆောက်ပေးဖို့ စီစဉ်နေတယ်" လို့ ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က မီဒီယာတွေကိုပြောပါတယ်။
ကျူးကျော်တွေအတွက်ဆောက်လုပ်ပေးမယ့် အိမ်ရာနေရာတွေမှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကမြေပေးပြီး စီစဉ်ဆောက်ရွက်ပေးတာဖြစ်တယ်လို့သိရပါတယ်။ ကျူးကျော်မြေနေရာတွေမှာ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း Smart Card ရှိတဲ့သူတွေကို ယာယီဆက်လက်နေထိုင်ခိုင်းပြီးတော့ အိမ်ရာနေရာရပြီဆိုရင် ဒီ Smart Cardနဲ့ပဲ သွားရောက်နေထိုင်ခွင့်ရမှာဖြစ်တယ်လို့ ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။ အိမ်ရာရရှိတဲ့အခါမှာလည်း ပြန်လည်ရောင်းချပိုင်ခွင့်မရှိဘဲ Smart Card ကိုင်ဆောင်ထားတဲ့မိသားစုကိုယ်တိုင်သာ နေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။