၂၀၂၁ စတုတ္ထသုံးလပတ်အတွင်း တစ်ကမ္ဘာလုံး ရောင်းသမျှစမတ်ဖုန်းရဲ့ ၅ ပုံ ၁ ပုံကျော်ဟာ iPhone တွေ ဖြစ်တယ်လို့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
Canalys ရဲ့ ဈေးကွက်အစီရင်ခံစာမှာ Apple ဟာ ၂၀၂၁ Q4 ကာလမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၂၂% ကို လွှမ်းခြုံနိုင်ခဲ့ပြီး ပြိုင်ဘက် Samsung ကတော့ ဈေးကွက်ဝေစုရဲ့ ၂၀% နဲ့ ရပ်တည်နေတယ်လို့ ဆိုပါတယ်။ နှစ်အကုန် နောက်ဆုံးသုံးလပတ်ဟာ Apple ရဲ့ နောက်ဆုံးပေါ် Flagship iPhone တွေ ဈေးကွက်ထဲ ရောက်တဲ့ကာလဖြစ်ပြီး အမြဲလိုလို ရောင်းအားထိုးတက်တဲ့ သုံးလပတ်လည်း ဖြစ်ပါတယ်။
Photo: techtimes
MacRumors သတင်းအရ Apple ဟာ အားလပ်ရက်ကာလအတွင်း iPhone 13 အလုံးရေ သန်း ၄၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အားလပ်ရက်မတိုင်ခင်က iPhone သစ်တွေ ဈေးကွက်ဝင်ဖို့ နှောင့်နှေးခဲ့တာတွေကြောင့် ဝယ်လိုအား နှေးကွေးခဲ့ပြီး ပစ္စည်းပို့ဆောင်မှုတွေ အားကောင်းလာပြီးနောက် ဝယ်လိုအားချက်ချင်း တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Apple ဟာ တတိယသုံးလပတ်မှာ Xiaomi ကို ကျော်ပြီး ဒုတိယနေရာ ပြန်ရောက်လာခဲ့တယ်လို့ Canalys က ဖော်ပြပါတယ်။ စတုတ္ထသုံးလပတ်မှာတော့ Samsung ကို ကျော်ပြီး နံပါတ်တစ်နေရာကို ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ iPhone 13 စီးရီးသစ်များ ရောင်းအားကောင်းမှုက Apple ကို နံပါတ်တစ်နေရာ ရောက်စေခဲ့တာပါ။ Apple ရဲ့ Supply Chain တွေ ပြန်လည်ပတ်လာပြီးနောက် တရုတ်ပြည်မကြီးမှာ iPhone တင်ပို့မှု မကြုံဖူးအောင် မြင့်တက်လာခဲ့တယ်လို့ Canalys က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဝယ်လိုအားနဲ့ ပြည့်မှီအောင် iPhone တွေ အလုံအလောက် ထုတ်လုပ်နိုင်ခြင်းတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဈေးကွက်အချက်အလက်တွေအရ Apple ဟာ ၂၀၂၀ Q4 ကာလမှာလည်း စမတ်ဖုန်းဈေးကွက်ဝေစု ၂၃% နဲ့ အများဆုံး ရထားခဲ့ပြီး သူ့နောက်မှာ Samsung (၁၇%) ၊ Xiaomi (၁၂%) ၊ OPPO (10%) နဲ့ Vivo (၉%) တို့နဲ့ အစဉ်အတိုင်း ရပ်တည်ခဲ့တာပါ။ ၂၀၂၁ Q4 သုံးလတာမှာ ဈေးကွက်ဝေစုအနေနဲ့ Apple (၂၂%) ၊ Samsung (၂၀%) ၊ Xiaomi (၁၂%) ၊ OPPO (၉%) နဲ့ Vivo (၈%) တို့စီ ရရှိထားတာပါ။ Q4 ကာလမှာ Samsung ဟာ ဒုတိယဈေးကွက်ဝေစုအများဆုံးအဖြစ် ရှိနေပေမယ့်လည်း Q1 ၊ Q2 နဲ့ Q3 ကာလတွေမှာတော့ နံပါတ်တစ်နေရာက ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။