လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီ John Deere ကနေ အလိုအလျောက်မောင်းနှင်နိုင်မယ့် ပထမဆုံးထွန်စက်တစ်မျိုးကို CES နည်းပညာထုတ်ကုန်ပြပွဲမှာ မိတ်ဆက်ပြသသွားပါတယ်။
အကြီးစားလယ်ယာသုံး ယန္တရားတွေ ထုတ်လုပ်နေတဲ့ အမေရိကန်နည်းပညာကုမ္ပဏီ John Deere ရဲ့ ယာဉ်မောင်းမလိုဘဲ သူ့အလိုအလျောက် မောင်းနှင်နိုင်မယ့် ထွန်စက်ကို ကြေညာသွားတာ ဖြစ်ပါတယ်။ John Deer ဟာ လက်ရှိဈေးကွက်ဝင် ထွန်စက်တွေထဲမှာ ထည့်သွင်းနိုင်မယ့် အလိုအလျောက်လုပ်ဆောင်ချက်သုံး Kit တစ်မျိုးကို CES ပွဲမှာ မိတ်ဆက်ပြသသွားခဲ့တာပါ။
လာ့စ်ဗီးဂတ်စ် CES ပွဲမှာ ပြသသွားတဲ့ John Deere 8R မောင်းသူမဲ့ထွန်စက်ဟာ စမတ်ဖုန်းတစ်လုံး သုံးပြီး မောင်းနှင်နိုင်မယ့်ယာဉ်ဖြစ်ပြီး တစ်ရက်ကို ၂၄ နာရီလုံး မောင်းနိုင်မယ်လို့ ဆိုပါတယ်။ Kit သစ်ဟာ ဘေးပတ်ပတ်လည်အခြေအနေတွေကို စောင့်ကြည့်နိုင်မယ့် စတီရီယိုကင်မရာ ၆ လုံး ပါရှိပြီး Machine Learning နည်းပညာအကူအညီနဲ့ အရာဝတ္ထုတွေကို ထောက်လှမ်းသိရှိကာ အတားအဆီးတွေ ရှောင်ရှားနိုင်မယ်လို့လည်း BBC သတင်းက ဆိုပါတယ်။
John Deere ကုမ္ပဏီရဲ့ GPS နည်းပညာသုံး Auto Steer လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားပြီး ထွန်စက်ပိုင်ရှင် လယ်သမားဟာ အဝေးကနေပဲ ထွန်စက်ကို ထိန်းချုပ်မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီနည်းပညာဟာ Demo သရုပ်ပြအဆင့်တင် မကဘဲ ဆောင်းတွင်းလောက်မှာ ထုတ်လုပ်မှုစတင်သွားမယ်လို့ ကြေညာပါတယ်။ CES ပွဲမှာ ပြသခဲ့တာကလည်း နည်းပညာနမူနာ Concept မျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: BT
ဒီနှစ်ထဲမှာကို ကုမ္ပဏီဟာ အလိုအလျောက်မောင်းနှင်မှုစနစ်ပါ စက်အလုံး ၂၀ အထိ ထုတ်လုပ်သွားမှာ ဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဖြန့်ချိမှု တိုးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။ လောလောဆယ် Kit ချည်းသက်သက် တိုက်ရိုက်ရောင်းချသွားမလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ဆိုပါတယ်။
John Deere မောင်းသူမဲ့စနစ်သုံး ထွန်စက်ရဲ့ ဈေးနှုန်း ကြေညာထားခြင်း မရှိသေးပေမယ့် ကုမ္ပဏီကိုယ်စားလှယ်တွေကတော့ ပစ္စည်းဈေး ၁၀% ခန့် ထည့်တွက်ပြီး ဒေါ်လာ ၅ သောင်းဈေးလောက်နဲ့ လယ်သမားတွေဆီ ရောင်းချဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။