ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက်(၈)နာရီက ထုတ်ပြန်တဲ့ ထပ်တိုး လူနာ (၆)ဦးစာရင်းမှာ စမ်းချောင်းမြို့နယ်က လူနာတစ်ဦးပါဝင်ခဲ့တာကြောင့် အဆိုပါလူနာနေထိုင်ရာ လင်းလွန်းမြောက်ရပ်ကွက်၊ သရက်တောလမ်း အမှတ် ၁၇ အဆောက်အဦနဲ့ လမ်းကိုတော့ Lock Down လုပ်ထားပြီလို့ သိရပါတယ်။
လူနာနံပါတ် (၉၂)က အသက်(၂၄)နှစ်အရွယ် အမျိုးသားဖြစ်ပြီး Pan Pacific ဟိုတယ်က ဝန်ထမ်းဖြစ်ကာ အလုပ်အတူတူလုပ်ကိုင်ခဲ့တဲ့ အတည်ပြုလူနာ နံပါတ်(၇၉)နဲ့ ထိတွေ့ခဲ့သူ ဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က Duwun ကိုပြောပါတယ်။
“ အခုတော့ သူနေထိုင်ရာနေရာအနီးတစ်ဝိုက်ကို Lock Down လုပ်လိုက်ပြီ။ အခုလူနာက Pan Pacific ဟိုတယ်ကဝန်ထမ်းဖြစ်ပြီး ကနဦး ဟိုတယ်ကဝန်ထမ်းတစ်ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ကတည်း အခုလူနာကို ရန်ကုန်အရှေ့ပိုင်းဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူခဲ့တာပါ။ အခုသူ့မှာလည်း ရောဂါပိုးတွေ့ပြီဆိုတော့ သူနဲ့ အတူနေ မိသားစုဝင် နှစ်ဦးကိုလည်း ကျန်းမာရေးဌာနက စီစဉ်ထားတဲ့နေရာတွေမှာ Quarantine ထားရှိသွားမယ်” လို့ ဦးသော်တာအောင်က ပြောပါတယ်။
ယခုတွေ့ရှိတဲ့ လူနာက စမ်းချောင်းမြို့နယ်အတွင်းက ဒုတိယမြောက်တွေ့ရှိတဲ့ လူနာဖြစ်ပါတယ်။
စမ်းချောင်းမြိုကနယ်အတွင်း ပထမဆုံးတွေ့ရှိခဲ့တဲ့လူနာက အဆိုတော် J Me ရဲ့ အမျိုးသမီးဖြစ်ပြီး သူတို့နေထိုင်ရာ အနီးတစ်ဝိုက်ကိုလည်း Lock Down လုပ်ထားတာပါတယ်။
စမ်းချောင်းမြို့နယ်အတွင်းမှာ ပိုးတွေ့လူနာတွေရှိလာပြီဖြစ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး ဆောင်ရွက်သွားမယ်လို့ ဦးသော်တာအောင်ကပြောပါတယ်။