ခင်လှိုင်ဟာ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ညစ်ညမ်းတဲ့ စကားအသုံးအနှုန်းတွေ မပါအောင် ဆင်ဆင်ခြင်ခြင်ရိုက်ကူးတယ်လို့ဆိုပါတယ်။ ရုံတင်ပြသလျှက်ရှိတဲ့ " တောက်ချလိုက်မယ်" ရုပ်ရှင်ကားကြီးကိုလည်း သူကိုယ်တိုင်ရိုက်ကူးထားတာပါ။
Photo: တောက်ချလိုက်မယ်
ခင်လှိုင် ကတော့ သူ့ရဲ့ အနုပညာသက်တမ်းမှာ ပထမဆုံးရိုက်ကူးအကြိမ် ဒါရိုက်တာအဖြစ်ရိုက်ကူးခွင့်ရခဲ့တဲ့ “တောက်ချလိုက်မယ်” ရုပ်ရှင်ကားကြီးအတွက် စိတ်လှုပ်ရှားနေပါတယ်တဲ့။ ပထမဆုံးအတွေ့အကြုံတွေနဲ့ ကြိုးစားခဲ့ရတာတွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
“ဒီဇာတ်ကားက ပထမဆုံးရိုက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ရုံတင်ဖို့ရက်နီးလာလေ ပိုပြီးတော့ စိတ်လှုပ်ရှားတာအမှန်ပါပဲ။ ကျွန်တော်ကတော့ ဟာသနဲ့ ဒရာမာကို ပိုအားသန်တဲ့အတွက် စိုးရိမ်စိတ်လေးတော့ရှိပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးလေးမလုပ်ခဲ့ဘူး။ ဒီဇာတ်ကားကို ဘယ်လို သေသေချာချာရိုက်ခဲ့တယ်ဆိုတာတော့ ဇာတ်ကားကြည့်ရင် သိသာမှာပါ” လို့ သူကဆိုပါတယ်။
Photo: တောက်ချလိုက်မယ်
ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့်လည်း ဇာတ်ကားထဲက စကားလုံးတွေကအစ သေချာ ဂရုစိုက်တယ်လို့ ခင်လှိုင်က ပြောပါတယ်။
“ အဓိက ကတော့ ကျွန်တော့်ဇာတ်ကားထဲမှာဆိုရင် ညစ်ညမ်းတဲ့ အောက်လုံးတွေ မပါရအောင် ရှောင်တယ်။ ပရိသတ်တွေ ကြည့်ရင်းနဲ့ စိတ်မပျက်စေရအောင် သတိထားပြီးတော့ရိုက်တယ်။ အုန်းကနဲ ဒိုင်းခနဲ ဆူညံနေမယ့် ဟာသတွေဆိုရင်လည်း ပရိသတ်က နားညီးမှာ စိုးတယ်။ အများကြီး ဆင်ခြင်ပြီးတော့ ရိုက်ထားပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ညက “တောက်ချလိုက်မယ်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: တောက်ချလိုက်မယ်
“တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Love 2 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ပွဲဦးထွက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒါပေမယ့် ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူူးခဲ့တဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်အရှေ့ကို အရင်ဆုံးရောက်ရှိခဲ့တာပါ။ “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ခန့်စည်သူ၊ မြင့်မြတ်၊ ရွှေသမီးနဲ့ ပက်ထရစ်ရှာ တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။
ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။