Google ပေါ် မှီခိုမှု လျှော့ချလာနေပါတယ်

Huawei ဟာ Google Maps နည်းပညာကို အားကိုးစရာမလိုအောင် စီစဉ်ထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် Huawei ဟာ အမေရိကန်နည်းပညာများ ဝယ်ယူသုံးစွဲခွင့် ကန့်သတ်ခံထားရပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးအတွက် ဒီပိတ်ဆို့အရေးယူမှုရဲ့ အမြင်သာဆုံး သက်ရောက်မှုက နောက်ဆုံးပေါ် Huawei စမတ်ဖုန်းသစ်တွေမှာ Google မိုဘိုင်းဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Play Store ၊ Gmail နဲ့ Google Maps တို့ သုံးမရတော့တာပါပဲ။



Photo: GSMArena


Huawei ဟာ အမေရိကန်နည်းပညာတွေပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် နည်းလမ်းတွေ ရှာနေပါတယ်။ မကြာသေးခင်ကပဲ စမတ်ဖုန်းတွေမှာ သုံးတဲ့ မြေပုံဝန်ဆောင်မှုအတွက် Google Maps အစား နောက်ထပ် ရွေးချယ်စရာအနေနဲ့ ဒတ်ချ်ဒီဂျစ်တယ်မြေပုံရေးဆွဲရေး ကုမ္ပဏီ TomTom နဲ့ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။

သဘောတူညီချက်အရ Huawei ဟာ TomTom ရဲ့ မြေပုံ ၊ လမ်းကြောင်းစနစ်နဲ့ လမ်းပြ ဆော့ဖ်ဝဲလ်ကို သုံးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ပိုင် စမတ်ဖုန်းapp တွေ ဖန်တီးဖို့ပါ TomTom ရဲ့ ဆော့ဖ်ဝဲလ်ကို သုံးနိုင်မယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် Huawei ဟာ နောင်တစ်ချိန်မှာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ Mapping Solution တစ်ခုပါ ထုတ်နိုင်ဖို့ လမ်းစပေါ်သွားတာပါ။

TomTom ဟာ Apple Maps အတွက် အချက်အလက်တွေ ထောက်ပံ့ပေးနေတဲ့ မြေပုံကုမ္ပဏီတစ်ခု ဖြစ်ပြီး iOS နဲ့ Androdi စနစ်သုံး ထုတ်ကုတ်တွေအတွက် ကိုယ်ပိုင် branded apps တွေ ထုတ်ထားပါတယ်။ TomTom ဟာ နယ်သာလန် အခြေစိုက် ကုမ္ပဏီဖြစ်လို့ Huawei အနေနဲ့ အမေရိကန်အစိုးရရဲ့ Trade ban စက်ကွင်းကနေ ရှောင်ရှားနိုင်မှာပါ။

အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ကန့်သတ်မှုခံရပြီးနောက် Huawei ဟာ ကိုယ်ပိုင် မြေပုံစနစ်ဖြစ်တဲ့ Map Kit တစ်ခု တည်ဆောက်ထားပါတယ်။ ဒီဆော့ဖ်ဝဲဟာ ရုရှားနည်းပညာကုမ္ပဏီ Yandex နဲ့ Huawei ရဲ့ ကိုယ်ပိုင်တယ်လီကွန်းအခြေစိုက်စခန်းတွေဆီက အချက်အလက်တွေ သုံးထားတာပါ။

Photo: naijainformation



သတင်းတွေအရ Map Kit ဟာ Consumer တွေ တိုက်ရိုက် သုံးနိုင်မယ့် ဝန်ဆောင်မှုမဟုတ်ဘဲ third-party developers တွေအနေနဲ့ယူသုံးနိုင်မယ့် API တစ်ခုဖြစ်ဖို့ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒေသတွင်း မြေပုံလမ်းညွှန်ဝန်ဆောင်မှုတွေ နဲ့ချိတ်ဆက်ထားတဲ့ Map Kit ဟာ ဘာသာစကား ၄၀ နဲ့ချိတ်ဆက်နိုင်ပြီး AR Mapping စနစ် ပါမယ်လို့Huawei စားသုံးသူ ရေးရာ စီးပွားရေးအဖွဲ့မှ Cloud Service ဥက္ကဌ ဇောင်ပီဂန်က ဆိုပါတယ်။

Huawei ထုတ်ကုန်တွေဟာ လက်ရှိမှာ Google ရဲ့ Android စနစ်ကို အားကိုးနေရတာ ဖြစ်ပါတယ်။။ ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS သစ်ကို တည်ဆောက်ထားတယ်ဆိုပေမယ့် စမတ်ဖုန်းတွေမှာ သုံးလာဖို့တော့ မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က