အလတ်တန်းစား 5G ဖုန်းတွေ မိတ်ဆက်နေတဲ့ LG ကနေ နောက်ထပ် 5G Mid-ranger တစ်လုံး ထွက်လာပါတယ်။
LG Q92 5G ဟာ အရင်ထွက်ထားတဲ့ LG Velvet 5G ထက် ဈေးပိုသက်သာတဲ့ ဗားရှင်းဖြစ်ပြီး Punch-hole ကင်မရာနဲ့ ကျောဘက် Quad Cameras တွေ သုံးထားပါတယ်။ ဒီဖုန်းဟာ ၆.၆၇ လက်မ အကြီးစား display နဲ့ လာပြီး LG Velvet နဲ့ မတူတာက OLED panel အစား LCD display သုံးသွားတာပါ။
Photo: GSMArena
မှန်ပြင်အပေါ်ဘက် အလယ်ခေါင် punch-hole ထဲမှာ 32MP selfie ကင်မရာ ထည့်ထားပါတယ်။ မှန်ပြင်ရဲ့ အပေါ်နဲ့ အောက်မှာ ဘောင်နည်းနည်းလေး ပါနေပါတယ်။ LG ကတော့ ဒီဖုန်းဟာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်တပ်အဆင့် အကြမ်းခံမှု MIL-STD-810G အောင်ထားတဲ့ ဖုန်းဖြစ်ပြီး အပူချိန်ကျဆင်းမှု ၊ မြင့်တက်မှု ၊ လွတ်ကျမှုနဲ့ စွတ်စိုထိန်းမှိုင်းတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိမယ်လို့ ဆိုပါတယ်။
IP68 rating ပါရှိတာကြောင့် စမတ်ဖုန်းတစ်လုံးရဲ့ အမြင့်ဆုံး ရေစိုခြင်းနဲ့ ဖုန်တင်မှုဒဏ်ကို ခံနိုင်မှာပါ။ ဘက်ထရီပါဝါ 4000mAh နဲ့ 15W charging ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ LG UX 9 သုံးထားပါတယ်။ LGg Q92 ဟာ Qualcomm ရဲ့ Snapdragon 765G processor သုံးထားပြီး RAM 6GB/128GB storage ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။
Photo: GSMArena
ကျောဘက်ကင်မရာ Setup ဟာ မြင်နေကျဒီဇိုင်းနဲ့ ကွဲပြားနေပါတယ်။ အကြီးစား ကင်မရာ Sensor နှစ်ခုနဲ့ ကင်မရာ Sensor ငယ်နှစ်ခုဟာ ထောင်လိုက်အနေအထားနဲ့ ယှဉ်လျက်သား ရှိနေပြီး အပေါ်ဘက်မှာ LED flash တစ်ခု ပါရှိပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ 48MP main sensor ၊ 8MP ultrawide lens ၊ 5MP depth sensor နဲ့ 2MP macro lens တို့ သုံးထားပါတယ်။
တစ်ခြား features တွေအနေနဲ့ 3.5mm Headphone jack ၊ Bluetooth 5.0 ၊ စတီရီယိုစပီကာ ၊ ဘေးဘောင် လက်ဗွေစနစ် နဲ့ NFC စနစ်တို့ ထည့်သွင်းထားပါတယ်။ တောင်ကိုရီးယားဈေးကွက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ကိုရီးယားဝမ် ၄၉၉၀၀၀ (မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ကျသင့်မှာပါ။