လိုအပ်ချက်တချို့နဲ့ ပရီမီယံဖုန်း

Huawei ရဲ့အပြင်ခေါက် Outer Folding စမတ်ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

၂၀၂၀ ထွက် Huawei Mate Xs ကို အဆင့်မြှင့်ထားတဲ့ Huawei Mate Xs 2 ဟာ ဒီဇိုင်းပိုင်းအပြင် ဖုန်းနည်းပညာပိုင်းပါ အဆင့်မြှင့်တင်မှုတွေနဲ့ ထွက်လာတာပါ။ အမေရိကန်အစိုးရရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် Google Services မပါတာ ၊ 5G ထုတ်ကုန်မဟုတ်တာကလွဲရင် အပြစ်ဆိုစရာ ရှားမယ့် အဆင့်မြင့် Foldable ဖုန်းလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် Screen ခေါက်သိမ်းတဲ့ပုံစံ ထူးခြားမှုနဲ့ ဒီဇိုင်းသားနားမှုမှာ Huawei ထုတ်ကုန်ဟာ ချီးကျူးစရာကောင်းပါတယ်။





OLED Display သုံး Huawei Mate Xs 2 ဟာ ပုံမှန်တက်ဘလက်ပုံစံ ဖြန့်ထားချိန်မှာ ၇.၈ လက်မဆိုဒ် (2340 x 2200px) ရုပ်ထွက်ပါရှိပြီး Refresh Rate ကိုလည်း 120Hz Support ပေးထားပါတယ်။ အပြင်ခေါက်စတိုင် ခေါက်သိမ်းထားချိန်မှာ Screen Size ဟာ ၆.၅ လက်မ 2340 x 1176px ရုပ်ထွက် ရှိမှာ ဖြစ်ပါတယ်။ Screen အပေါ် ညာထောင့် Punch-Hole ပေါက်ထဲမှာ 10MP Selfie တပ်ဆင်ထားပါတယ်။ အရင် Mate Xs ဟာ ဂရမ် ၃၀၀ အလေးချိန်ရှိခဲ့ပြီး ဒီမော်ဒယ်သစ်မှာ ၂၅၅ ဂရမ်အထိ လျှော့ချလာနိုင်ပါတယ်။ 

Display အခေါက်အဖွင့်လုပ်တဲ့ပတ္တာစနစ်ဟာ Double Rotor Hinge စနစ်ဖြစ်လာပြီး ရေရှည်အကြမ်းခံမှုပိုကောင်းလာသလို Display မှာလည်း အတွန့်အခေါက်တွေ ဖြစ်စေမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ကြေညာပါတယ်။ အလွှာလေးလွှာပါ တည်ဆောက်မှုသစ်နဲ့ ထုတ်ထားတဲ့ ပိုလီမာအုပ် Display ကြောင့်လည်း အကြမ်းခံနိုင်ရည် ပိုကောင်းမယ်လို့ ဆိုပါတယ်။ Mate Xs 2 မှာ Huawei ထုတ် M-Pen 2s Stylus အထောက်အပံ့ပေးထားလို့ တက်ဘလက်တစ်လုံးလို သုံးရင်း Notes နဲ့ Doodles တွေ ရေးဆွဲနိုင်မှာပါ။ 




ကင်မရာဖွဲ့စည်းမှုပိုင်းမှာ အရင် Huawei Mate X နဲ့ Mate Xs တို့လိုမျိုး အနောက်ဘောင် ထောင်လိုက်သုံးလုံးတွဲ ကင်မရာစနစ် တပ်ဆင်ထားပါတယ်။ ကင်မရာအနေနဲ့ 50MP Main Sensor ၊ 13MP Ultrawide Sensor နဲ့ 3x Optical ၊ 30x Digital Zoom ဆွဲနိုင်မယ့် OIS ပါ 8MP Telephoto ကင်မရာတို့ ပါရှိပါတယ်။ Processor ပိုင်းမှာ Snapdragon 888 4G Chipset ၊ RAM 8/12GB နဲ့ 512GB Storage အထိ ထွက်ထားပါတယ်။ 

ဘက်ထရီပါဝါ 4880 mAh ဟာ 66W Fast Charging ပံ့ပိုးထားပြီး Huawei ထုတ် HarmonyOS 2 စနစ် သုံးထားပါတယ်။ အဖြူ ၊ အနက် နဲ့ ခရမ်းရောင် ကာလာ ၃ မျိုးနဲ့လာပြီး 8/256GB မော်ဒယ်ကို ၉၉၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ ကျော်) နဲ့ 12/512GB မော်ဒယ်ကို ၁၂၉၉၉ ယွမ် (မြန်မာငွေ သိန်း ၄၀ ခန့်) ဈေးတွေနဲ့ မေလ ၆ ရက်နေ့ကစပြီး တရုတ်မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က