မန်ချက်စတာယူနိုက်တက်အသင်းမှာ အငှားနဲ့ကစားခဲ့တဲ့ တိုက်စစ်မှူးဝက်ဟော့စ်က မနက်ဖြန်ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ သူ ကစားခွင့်ရတဲ့အချိန် ဂိုးရအောင် သွင်းယူဖို့ ကြိုးစားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဘန်လကေနေ အငှားနဲ့ လာကစားတာဖြစ်ပြီး ယူနိုက်တက်အတွက် ၂ ဂိုးတည်းသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ရာသီကုန်မှာ သူက ဘန်လေကို ပြန်သွားကစားရမှာ ဖြစ်ပြီး ယူနိုက်တက်ကတော့ စာချုပ်ထပ်မချုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
နယ်သာလန်လက်ရွေးစင်ဟာ တန်ဟက်ဂျ်ရဲ့ မျက်နှာသာပေးမှုကိုတော့ ရရှိခဲ့ပြီး မကြာခဏဆိုသလို ပါဝင်ကစားရလေ့ရှိပါတယ်။ ဒါပေမယ့် အပိုင်အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး အဆုံးသတ်မသေချာတဲ့ ကစားသမားဖြစ်လို့ ယူနိုက်တက်အတွက် ကစားပေးခွင့် ထပ်မံမရရှိသင့်တော့ဘူးလို့ ပရိသတ်တွေကလည်း ယူဆခဲ့ကြပါတယ်။ အခုအခါ သူက ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးပွဲကို ကစားရတော့မှာ ဖြစ်ပါတယ်။
ဝက်ဟော့စ်က "အရင်ဦးဆုံးအနေနဲ့ ကျနော်ဂုဏ်ယူပါတယ်၊ ဒီမှာ ကျနော် ဆက်ရှိနေပြီး ဒီလိုအံ့အားသင့်ဖွယ်ရာအသင်းအတွက် ကစားပေးရတာကိုလည်း တကယ်ဂုဏ်ယူကျေးဇူးတင်ပါတယ်၊ ကျနော့်အတွက် အတွေ့အကြုံတွေ အများကြီးလည်း ရရှိခဲ့ပါတယ်၊ ဗိုလ်လုပွဲက အခုဆိုရင် ကစားရပါတော့မယ်၊ ဒီရာသီကို အကောင်းဆုံးအဆုံးသတ်ဖို့လည်း ကျနော်မျှော်လင့်နေတာပါ"
"ဒီကို စရောက်ခဲ့တဲ့ ပထမဆုံးအချိန်ကတည်းက ကျနော်ပျော်ရွှင်နေခဲ့တာပါ၊ ကျနော်ကစားခွင့်ရတဲ့အချိန်တိုင်းမှာ အကောင်းဆုံးတွေပဲ ပေးဖို့အတွက် ကြိုးစားခဲ့ပါတ်ယ၊ မိနစ်တိုင်းမှာပေါ့၊ ဘယ်နေရာမှာပဲ ကစားရကစားရ ပြသနာမရှိပါဘူး၊ တိုက်စစ်မှူးတဦးအနေနဲ့ ကျနော် ၂ ဂိုးတည်းသွင်းယူနိုင်ခဲ့တာက မလုံလောက်ပါဘူး၊ ဒီတခုတည်းကိုပဲ ကျနော်စိတ်ပျက်ခဲ့ရပါတယ်"
"ဘာလို့လဲဆိုတော့ အဲဒီထက်မက ကျနော်လုပ်နိုင်တယ်ဆိုတာကို သိလို့ပါ၊ လာမယ့်စနေနေ့မှာတော့ ကျနော်တို့ ဂိုးတွေသွင်းကြရအောင်လား၊ အဲဒီအတိုင်းလုပ်ကြရအောင်ဗျာ" လို့ ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောဆိုသွားခဲ့ပါတယ်။