ဆည်တော်လေးဆင်စခန်းနှင့်အပန်းဖြေဥယျာဉ်လို့အမည်ပေးထားတဲ့ မန္တလေးက ဆင်စခန်းသစ်ဝင်ခွင့်ကိုတော့ ပြည်တွင်းခရီးသွားတွေအတွက်ကတစ်ဦးကိုငွေကျပ်ငါးထောင်နှုန်း၊ ပြည်ပခရီးသွားတွေအတွက်တော့ တစ်ဦးကိုငွေကျပ်တစ်သောင်းနှုန်းသတ်မှတ်ထားပါတယ်။
မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးက ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာထိပ်လမ်းခွဲကနေ သွားရပြီး ဆည်တော်ကျေးရွာအုပ်စု၊ ဂိုက်တန်း ကျေးရွာမှာ ဖွင့်လှစ်လိုက်တဲ့ ဆင်စခန်းဟာ ဧက ၃၀ ကျော်ရှိတဲ့မြေနေရာမှာ သဘာဝအလှတရားအပြင် လူဖန်တီးထားတဲ့အနုပညာ လက်ရာတွေကိုပါ မြင်တွေ့ခံစားရမယ့်ဆင်စခန်းတစ်ခုလည်းဖြစ်ပါတယ်။
" ဆင်စခန်းမှာ အများသောအားဖြင့် တောင်တောင်ရေမြေအလှအပတွေကို ခံစားလို့ရမယ်။ ပြီးတော့ တိရစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားမှုတွေ၊ ဆင်တွေရဲ့ အကြောင်းအရာတွေကိုလည်းလေ့လာလို့ရမယ်။ ဆင်စခန်းရဲ့ပတ်လမ်းတစ်လျှောက်မှာလည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဝါးနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦတွေနဲ့ မြန်မာမှုလက်ရာနဲ့ ဖန်တီးထားတဲ့ အရာတွေကို လေ့လာခွင့်ရရှိမှာဖြစ်တယ်" လို့ ဆင်စခန်းမန်နေဂျာ မခင်သဲစုဝေက Duwun ကိုပြောပါတယ်။
အခု ဆင်စခန်းနဲ့အပန်းဖြေဥယျာဉ်တွဲဖွင့်ထားတဲ့ဒီနေရာက လွန်ခဲ့တဲ့လတွေကတည်းက လူသူအရောက်အပေါက်ရှိနေခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ(၁၂)ရက်နေ့မှာ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေနဲ့အတူတရားဝင်ဖွင့်လှစ်ပေးခဲ့တာပါ။
ဆင်စခန်းအတွင်း ဆင်စာကျွေးတာ၊ ဆင်စီးတာတွေစီစဉ်ပေးထားပြီး ဆင်စခန်းအတွင်းဝင်ရောက် ခွင့်ကိုတော့ ပြည်တွင်းခရီးသွားတွေအတွက်ကတစ်ဦးကိုငွေကျပ်ငါးထောင်နှုန်း၊ ပြည်ပခရီးသွားတွေအတွက်တော့ တစ်ဦးကိုငွေကျပ်တစ်သောင်းနှုန်း သတ်မှတ်ထားပါတယ်။
မန္တလေးမြို့အနီးမှာ ဆင်စခန်းတစ်ခုအရင်ကတည်းကရှိထားဖူးပြီး အခုဖွင့်လှစ်လိုက်တဲ့ဆင်စခန်းကတော့ သဘာဝအတိုင်းတည်ရှိနေသေးတဲ့ချောင်း တွေ၊ စိမ့်စမ်းတွေနဲ့တောတောင်အလှအပတွေကြားတည်ရှိတာဖြစ်တာကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေအတွက်တော့ သဘာဝအပန်းဖြေစရာ နေရာတစ်ခု ထပ်တိုးလာတာဖြစ်သလို ခရီးသွားကဏ္ဍအတွက်လည်းအထောက်အကူတစ်ခုဖြစ်စေနိုင်မှာပါ။
ဆည်တော်လေးဆင်စခန်းနှင့်အပန်းဖြေဥယျာဉ်လို့ဟာ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းဘေးက ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာထိပ်လမ်းခွဲကနေ ၁၀ မိနစ်ခန့်ဆက်သွားရတဲ့ ဆည်တော်ကျေးရွာအုပ်စု၊ ဂိုက်တန်း ကျေးရွာထိပ်မှာတည်ရှိတာဖြစ်ပါတယ်။