ဒီ ၁၀ ချက်ကို သေချာသိထားဖို့လိုပါတယ်။

ကမ္ဘာတစ်ဝန်းက လူမျိူးပေါင်းစုံပါဝင်ဆင်နွှဲကြတဲ့  ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးပွဲတော် Songkran Water Festival ကြီးဟာ နာမည်ကြီးပြီး ကမ္ဘာတဝန်းက ခရီးသွားတွေ သွားရောက်ဆင်နွှဲကြတဲ့ ပွဲတော်ဖြစ်ပါတယ်။  ဒီတစ်ခါမှာတော့ Duwun ပရိတ်သတ်ကြီးအတွက် သင်္ကြန်ကာလမှာ ထိုင်းနိုင်ငံက Songkran Water Festival ပွဲတော်ကို ဆင်နွှဲတဲ့အခါ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ 




ရေစိုခံအိတ် ဆောင်ထားပါ


Songkran ပွဲတော်ကာလမှာ ဖုန်း၊ ကင်မရာနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေကို ရေမစိုအောင် ကာကွယ်ဖို့ မိုးကာသားအိတ်တွေလိုအပ်ပါတယ်။ အရေးကြီးစာရွက်စာတမ်းတွေကို ရေစိုခံအိတ်ထဲမှာ  ထည့်ထားတာက အကောင်းဆုံးပါပဲ။ 



ပေါ့ပါးတဲ့ ချည်ထည်တွေကို ဝတ်ဆင်ပါ


Songkran ပွဲတော်မှာ လျှောက်လည်တဲ့အခါ ချည်ထည်နဲ့ နိုင်လွန်လိုမျိုး ပေါ့ပါးတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။ ရေစိုနေတဲ့အခါ စိတ်မသက်မသာဖြစ်စေနိုင်တဲ့ ဂျင်းလို လေးလံတဲ့အထည်တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ 


 ရိုးရိုးဖိနပ်အစား ကြိုးသိုင်းဖိနပ်စီးပါ


ရေစိုနေတဲ့ လမ်းတွေပေါ်မှာ ချော်မလဲအောင် ကာကွယ်ဖို့ ကြိုးသိုင်းဖိနပ်၊ ကွင်းထိုးဖိနပ်တွေက အသင့်တော်ဆုံးပါပဲ။ ကွင်းထိုးဖိနပ်တွေက ပေါ့ပေါ့ပါးပါးရှိပြီး ရေလည်း တင်မကျန်ခဲ့တာကြောင့် လမ်းလျှောက်လည်မယ့်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ 



ရေစိုခံတဲ့ နေရောင်ကာခရင်မ်နဲ့ အလှကုန်တွေကို သုံးပါ


ရေစိုစိုမှာလည်း ဆက်လှနေဖို့ နေရောင်ကာခရင်မ်နဲ့ ရေစိုခံမိတ်ကပ်ပစ္စည်းတွေကို လိမ်းပါ။ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်က ကာကွယ်ဖို့ နေရောင်ကာခရင်မ်ကိုလည်း ၂နာရီခြားတစ်ခါ ပြန်လိမ်းပေးဖို့ မမေ့နဲ့ဦးနော်။ 


 ဦးထုပ်နဲ့ နေကာမျက်မှန်တပ်ပါ


ရေနဲ့ မသန့်ရှင်းတဲ့ ဖုန်၊ အမှုန်အမွှားတွေ ရန်က ကာကွယ်ဖို့ နေကာမျက်မှန်ကလည်း မပါမဖြစ်လိုပါတယ်နော်။ ဒါ့အပြင် နေပူပူထဲမှာ စတိုင်လ်ထုတ်ဖို့ဆိုလည်း ဦးထုပ်နဲ့ နေကာမျက်မှန်က ကူညီပေးနိုင်ပါတယ်။ ဓာတ်ပုံလှလှရိုက်ဖို့ဆိုရင်တော့ ဝတ်မယ့် အဝတ်အစားနဲ့လိုက်အောင် စီစဉ်ဖို့လည်း လိုပါသေးတယ်။ 



အဖိုးတန်ပစ္စည်းတွေကို သေချာသိမ်းပါ


မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ရေစိုခံအိတ်ထဲ ထည့်ပြီး ကိုယ်နဲ့မကွာ သယ်ပါ။ လက်ဝတ်ရတနာနဲ့ ငွေသားလို အဖိုးတန်ပစ္စည်းတွေကိုတော့ တည်းခိုရာနေရာမှာပဲ လုံခြုံအောင် သိမ်းထားခဲ့ပါ။ အရေးကြီးစာရွက်စာတန်းတွေကိုတော့ မယူလာတာက အကောင်းဆုံးပါပဲ။ 


လမ်းကြောင်းကို ကြိုတင်စီစဉ်ပါ


ပွဲတော်ရဲ့ အစည်ကားဆုံးနေရာတွေကို သွားလည်ပတ်တဲ့အခါ လမ်းကြောင်းတွေကို ကြည့်ထားဖို့ လိုပြီး ပြန်ထွက်ရမယ့်ထွက်ပေါက်နေရာတွေနဲ့ အရေးပေါ်လမ်းကြောင်းတွေကို ကြိုတင်လေ့လာထားဖို့လည်း လိုပါတယ်။ လူစည်ကားတဲ့ လမ်းမကြီးနဲ့ ယာဉ်ကြောပိတ်ဆို့နိုင်တဲ့ အဓိကလမ်းတွေကို ရှောင်ရှားသင့်ပါတယ်။



 ရေဓာတ်ပြည့်အောင် နေပါ


ဧပရယ်လို ပူပြင်းတဲ့လမှာ ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် နေပူထဲမှာ အချိန်ဖြုန်းတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ တစ်နေကုန် နေပူထဲမှာ လည်ပတ်တဲ့အခါ ရေနဲ့ တခြားအားဖြည့်အချိုရည်တွေ အဆင်သင့်ဆောင်ထားဖို့လည်း မမေ့ပါနဲ့ဦး။ 


ဘေးကင်းဖို့ သတိပြုပါ 


လူထူထပ်တဲ့နေရာတွေကို သွားလည်တဲ့အခါ ခါးပိုက်နှိုက်တွေကို သတိထားပါ။ ဒါ့အပြင် ယာဉ်မတော်တဆမှု ဖြစ်နိုင်ချေကို လျှော့ချဖို့ လူရှုပ်တဲ့လမ်းတွေနဲ့ လမ်းဆုံတွေကို သတိထားသွားလာပါ။ လူအများကြားထဲ လျှောက်လည်တဲ့အခါ ပိုက်ဆံနဲ့ တခြားအရေးကြီးပစ္စည်းတွေ ကျမပျောက်အောင် သတိပြုဖို့ပါပဲ။ 



ပျော်ရွှင်ပါ


ထိုင်းရိုးရာသင်္ကြန်ပွဲဖြစ်တဲ့ Songkran ပွဲတော်ရဲ့ဓလေ့ ရေဖျန်းခြင်းနဲ့အတူ ရိုးရာဂီတ၊ ကခုန်ခြင်းတွေကို အရိုးရှင်းဆုံး ခံစားလိုက်ပါ။ တစ်ဖက်သားကို အနှောင့်အယှက်မဖြစ်စေတဲ့ ပျော်ရွှင်ခြင်းမျိုးနဲ့ ပျော်နိုင်ကြပါစေ။ 


ဒီ ၁၀ချက်နဲ့ဆိုရင်တော့  Songkran ပွဲတော်ကို အတက်ကြွဆုံးပါဝင်ဆင်နွှဲနိုင်ပါပြီ။ 



ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

















Share

Loading Next Article...
က္က