ကုမ္ပဏီသစ်တစ်ခု ပေါင်းထောင်ဖို့ MoU လက်မှတ်ရေးထိုးလိုက်ပါတယ်

ဂျပန်အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony နဲ့ Honda ကားကုမ္ပဏီတို့ ပူးပေါင်းပြီး လျှပ်စစ်ယာဉ်တွေ ထုတ်လုပ်ဖို့ ကုမ္ပဏီတစ်ခု ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

ဂျပန်လုပ်ငန်းစုကြီးနှစ်ခု ဖြစ်တဲ့ Sony နဲ့ Honda တို့ အတူပေါင်းပြီး လျှပ်စစ်ကားတွေ တည်ဆောက်ဖို့ ကုမ္ပဏီသစ်တစ်ခု တည်ထောင်ရေးအတွက် နားလည်မှုစာချွန်လွှာ MoU တစ်ခုမှာ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ နှစ်ဖက်ကုမ္ပဏီတွေက သောကြာနေ့မှာ ပြောပါတယ်။ ကုမ္ပဏီသစ်ကို ဒီနှစ်ထဲမှာ စတင် တည်ထောင်သွားမှာ ဖြစ်ပြီး ၂၀၂၅ မှာ ပထမဆုံးလျှပ်စစ်ယာဉ်ကို ဈေးကွက်တင် ရောင်းချနိုင်ဖို့ မျှော်လင့်ထားကြောင်း CNBC သတင်းက ဖော်ပြပါတယ်။ 




Sony နဲ့ Honda တို့ ပေါင်းစည်းထားတဲ့ ကားကုမ္ပဏီသစ်ဟာ လျှပ်စစ်ကားတွေ ဒီဇိုင်းဆွဲ ဖန်တီးရောင်းချသွားမှာ ဖြစ်ပြီး ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းတွေတော့ လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အီလက်ထရွန်းနစ်ကုမ္ပဏီ Sony က ယာဉ်သွားလာရေးပိုင်း Mobility Service ပလက်ဖောင်းဖွံ့ဖြိုးရေးပိုင်း ကိုင်တွယ်မှာ ဖြစ်ပြီး Honda က ပထမမော်ဒယ် ထုတ်လုပ်ရေးကို တာဝန်ယူသွားမှာပါ။ 

"အခုလို အကျိုးတူပူးပေါင်းမှုထဲမှာ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေကို Honda ရဲ့ ရင့်ကျက်ရှည်လျားလှတဲ့ ယာဉ်ဖွံ့ဖြိုးရေးနဲ့ ယာဉ်ကိုယ်ထည် ထုတ်လုပ်ရေးနည်းပညာဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ယာဉ်လှုပ်ရှားမှု ဆင့်ကဲပြောင်းလဲရေးပိုင်း ဦးဆောင်သွားမှာ ဖြစ်ပါတယ်" လို့ Sony CEO ကန်နီချီယို ယောရှီဒါက ဆိုပါတယ်။ 

ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ Sony ဟာ လျှပ်စစ်ကားလောကထဲ ဝင်ဖို့ ကာလရှည် ပြင်ဆင်မှုတွေ လုပ်ထားတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဒီနှစ် ဇန်နဝါရီ CES 2022 ပွဲမှာကို Vision -S02 နာမည်နဲ့ လျှပ်စစ်ကားနမူနာဒီဇီုင်းတစ်ခုကို မိတ်ဆက်ပြသခဲ့ပါတယ်။ CES 2022 ပွဲမှာပဲ ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့အတွက် Sony Mobility နာမည်နဲ့ ကုမ္ပဏီတစ်ခု ထူထောင်သွားမယ့်အကြောင်းပါ ကြေညာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က