Honda ရဲ့ အမေရိကန်ကားစက်ရုံတွေမှာ ထုတ်လုပ်သွားမှာပါ

နာမည်ကျော်ဂျပန်အီလက်ထရွန်းနစ်ကုမ္ပဏီကြီးနှစ်ခု ပေါင်းပြီး ထုတ်လုပ်ထားတဲ့ ပထမဆုံးလျှပ်စစ်ကားကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဈေးကွက်ထဲ စတင်တင်ပို့ဖို့ ရှိပါတယ်။ 

Sony နဲ့ Honda တို့ ပူးပေါင်းထားတဲ့ ပထမဆုံး ပရီမီယံလျှပ်စစ်ကား EVs ယာဉ်တွေဟာ အမေရိကန်ဈေးကွက်မှာ ပထမဆုံးဝင်ရောက်လာဖို့ ရှိပြီး ဂျပန်ဈေးကွက်ထဲကိုတော့ ၂၀၂၆ နောက်ပိုင်းမှာ ဖြန့်ချိလာနိုင်ပါတယ်။ အမေရိကန်ဈေးကွက်ဟာ တန်ဖိုးမြင့်လျှပ်စစ်ကားတွေကို ထုတ်ကုန်ရဲ့ ထပ်တိုးတန်ဖိုးနဲ့ချိန်ပြီး မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချဖို့အတွက် အခွင့်အလမ်းတစ်ခုလို့ မြင်ထားလို့ ဖြစ်ပါတယ်။ ထုတ်ကုန်ထပ်တိုးတန်ဖိုးထဲမှာ ဆော့ဖ်ဝဲလ်နဲ့ ဖျော်ဖြေရေးပိုင်းနည်းပညာတွေ ပါဝင်မှာပါ။ 



Photo : Japan Times


ကားထုတ်လုပ်ရေးပိုင်းမှာ အစဉ်အလာကြီးတဲ့ Honda ရဲ့ အတွေ့အကြုံနဲ့ Sony ရဲ့ ဆော့ဖ်ဝဲလ်ပိုင်း ၊ ဖျော်ဖြေရေးနဲ့ အာရုံခံ Sensor နည်းပညာပိုင်းကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး လျှပ်စစ်ကားလောကထဲမှာ ဆန်းသစ်တဲ့ အဆင့်မြင့်ယာဉ်နည်းပညာသစ်တွေကို ယူဆောင်လာဖို့ ရှိပါတယ်။ Honda နဲ့ Sony တို့ ၅၀/၅၀ စီ ပေါင်းပြီး တည်ထောင်ထားတဲ့ ဒီလျှပ်စစ်ကားလုပ်ငန်းကို Sony Honda Mobility (SHM) လို့လည်း နာမည်ပေးထားပါတယ်။ 

SHM ထုတ် ကားတွေကို Tesla လိုမျိုး အွန်လိုင်းအရောင်းပိုင်းကို အာရုံစိုက်သွားမှာ ဖြစ်ပြီး ပထမဆုံးမော်ဒယ်ဟာ ဈေးလည်း အတော်အတန်မြင့်မယ်လို့ ဆိုပါတယ်။ SHM ဟာ Level 3 အဆင့် အလိုအလျောက်မောင်းနှင်မှုစနစ်ကို တီထွင်ဖို့ လုပ်ဆောင်နေပါတယ်။ Level 3 အဆင့် အလိုအလျောက်မောင်းနှင်မှုဟာ ယာဉ်တွေကို တချို့အခြေအနေတွေမှာ သူ့အလိုအလျောက် မောင်းနှင်နိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။ 

Reuters သတင်းအရ Sony ရဲ့ ဆော့ဖ်ဝဲလ်စနစ်ဟာ ဖျော်ဖြေရေးနဲ့ တခြားဝန်ဆောင်မှုတွေအတွက် လစဉ်စာရင်းသွင်းကြေးတစ်ခုနဲ့ သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ Metaverse ကို အခြေခံတဲ့ ယာဉ်အတွင်းခန်း ဖျော်ဖြေရေးသစ်တွေပါ ထောက်ပံ့ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ SHM ဥက္ကဌ နဲ့ အမှုဆောင်အရာရှိချုပ် ယာဆူဟီဒီ မီဇူနိုကတော့ ကုမ္ပဏီရဲ့ ပထမဆုံးယာဉ်ထုတ်လုပ်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 

Photo: CNBC

Pre-Order လက်ခံတာကိုလည်း ၂၀၂၅ ထက် နောက်မကျအောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ယာဉ်တွေ လျှပ်စစ်စွမ်းအင်စနစ်ကူးပြောင်းဖို့ အရေးပါတဲ့ အပြောင်းအလဲနှစ်တစ်နှစ် ဖြစ်လာမယ်လို့လည်း SMH က ယုံကြည်နေပါတယ်။ ယာဉ်ကြိုတင် Pre-Order မှာယူမှုနဲ့ ထုတ်လုပ်မှုပိုင်းကိုတော့ လာမယ့် ၂၀၂၅ ခုနှစ်က စလို့ Honda ရဲ့ အမေရိကန်ကားစက်ရုံ ၁၂ ရုံကနေ စတင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က