Sony အတွက် မင်္ဂလာသတင်းပါပဲ

စမတ်ဖုန်းစီးပွားရး ကျဆင်းခဲ့တဲ့ Sony အတွက် စက်တင်ဘာသုံးလပတ်မှာ တကျော့ပြန်ဦးမော့လာပြီလို့ ဆိုနိုင်ပါတယ်။ 

ဂျပန်စမတ်ဖုန်းကုမ္ပဏီ Sony ရဲ့ စက်တင်ဘာလမှာ ကုန်ဆုံးတဲ့ သုံးလပတ်ဘဏ္ဍာရေးရလဒ်စာရင်းမှာ Sony ရဲ့ Mobile Division ဟာ ဇူလိုင်ကနေ စက်တင်ဘာအတွင်း စမတ်ဖုန်းဝင်ငွေ ဂျပန်ယန်း ၉၉.၁ ဘီလျံ (ဒေါ်လာ ၈၇၂.၆ သန်း) ရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ယန်း ၇၉.၁ ဘီလျံ (ဒေါ်လာ ၆၉၈.၈ သန်း) ရခဲ့တာကြောင့် ကာလတူ သုံးလပတ်အတွင်း ၂၅% ဝင်ငွေ ပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ 



Photo: rprna


စမတ်ဖုန်းအလုံးရေ ရောင်းအားတိုးလာတာကြောင့် အခုလို ဝင်ငွေ မြင့်လာတာလို့ ကုမ္ပဏီက ဆိုပါတယ်။ တစ်ကမ္ဘာလုံး Semiconductor ပစ္စည်းပြတ်မှုကြောင့် တချို့ စမတ်ဖုန်းကုမ္ပဏီတွေ ဖုန်းအလုံးရေတင်ပို့မှု ကျသွားချိန်မှာ Sony က ဖုန်းရောင်းအား တက်လာတာ ဖြစ်ပါတယ်။ Sony စမတ်ဖုန်းဌာနဟာ အရှုံးပြနေတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ပထမသုံးလပတ်မှာ Sony Mobile ဌာနဟာ ဒီအရင်ကာလတူနဲ့ စာရင် ယန်း ၁၂.၈ ဘီလျံ (ဒေါ်လာ ၁၁၂.၆ သန်း) အရှုံးပြခဲ့ပါတယ်။ 

ဒီအရင် ၂၀၁၉ Q2 မှာ ယန်း ၃၇.၂ ဘီလျံအထိ အရှုံးပေါ်ခဲ့တာပါ။ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအမြတ်ပြန်မြင်ရတဲ့နှစ်ဟာ ၂၀၂၀ ခုနှစ် ဖြစ်ပြီး ဒီနှစ်ထဲမှာ ရောင်းအား သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Sony ဟာ စမတ်ဖုန်းနည်းဗျူဟာပုံစံပြောင်းလာခဲ့ပြီး Premium Midrange နဲ့ High-End ဖုန်းတွေပဲ ဦးတည်ထုတ်လာခဲ့ပါတယ်။ မကြာသေးခင်ပဲ ပရော်ဖက်ရှင်နယ်ကင်မရာသမားတွေအတွက် ရည်ရွယ်ပြီး တန်ဖိုးကြီး Sony Xperia Pro-I ကို မိတ်ဆက်ခဲ့ပါတယ်။ 

Sony Mobile ကဏ္ဍလိုပဲ Sony ရဲ့ ဂီတနဲ့ရုပ်ရှင်စီးပွားရေးလည်း အားကောင်းနေတယ်လို့ ဆိုပါတယ်။ Sony Music လုပ်ငန်းဟာ အရင်နှစ်ကာလတူ ဝင်ငွေ ယန်း ၄၀၂.၂ ဘီလျံ (ဒေါ်လာ ၃.၅ ဘီလျံ) ကနေ ယန်း ၅၂၀.၈ ဘီလျံ (ဒေါ်လာ ၄.၆ ဘီလျံ) အထိ မြင့်တက်လာပြီး နှစ်အလိုက် ၂၉.၄% ပိုတိုးတက်လာတယ်လို့ ထုတ်ပြန်ပါတယ်။ Sony ရုပ်ရှင်နဲ့ TV စီးပွားရေးဟာ အရင်နှစ် ယန်း ၃၆၀.၆ ဘီလျံ (ဒေါ်လာ ၃.၁ ဘီလျံ) ကနေ ယန်း ၄၆၄.၉ ဘီလျံ (ဒေါ်လာ ၄.၁ ဘီလျံ) အထိ ၂၈.၉% နှုန်း ပိုတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က