၃၆၇ မိုင် အမြင့်ကို ရောက်ခဲ့ပါတယ်

ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်စ် တည်ထောင်ထားတဲ့ အာကာသယာဉ်ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး အရပ်သားအာကာသခရီးစဉ် အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

အရပ်သား ၄ ဦး လိုက်ပါခဲ့တဲ့ ကမ္ဘာ့ပထမဆုံးအာကာသခရီးစဉ်ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Falcon 9 ဒုံးပျံနဲ့ ပို့ဆောင်ခဲ့တာပါ။ ပြန်သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ Falcon 9 ဒုံးပျံဟာ အသက် ၃၈ နှစ်အရွယ် နည်းပညာစွန့်ဦးတီထွင်သူ ဂျဲရက်ဒ် အိုင်ဆက်စ်မန်း ၊ အသက် ၅၁ နှစ်အရွယ် ပထဝီသိပ္ပံပညာရှင် ဒေါက်တာဆီယန်ပရော့စ်တာ ၊ အသက် ၄၂ နှစ်အရွယ် အာကာသဒေတာအင်ဂျင်နီယာ ခရစ္စ ဆမ်ဘရော်စကီ နဲ့ အသက် ၂၉ နှစ်အရွယ် ဆေးဘက်ဆိုင်ရာလက်ထောက်ဖြစ်သူ ဟေလီအာစီနီးရော့တို့ကို သယ်ဆောင်ပြီး ဖလောရီဒါပြည်နယ် Cape Canaveral ကနေ ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ NBCNews က ဖော်ပြခဲ့ပါတယ်။ 




Photo: CNN

ဒီခရီးသည် ၄ ဦးထဲမှာ ပရော်ဖက်ရှင်နယ် အာကာသယာဉ်မှူးတစ်ဦးမှ မပါခဲ့တာကလည်း ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ သုံးရက်ကြာ အာကာသခရီးစဉ်ကို Inspiration4 မစ်ရှင်လို့ နာမည်ပေးထားပြီး ဂျဲရက်ဒ် အိုင်ဆက်မန်းက ခရီးစဉ်တစ်လျှောက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ "SpaceX ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတွက် အင်မတန်ထူးခြားပြီးအံ့အားသင့်စရာ ခရီးတစ်ခု ဖြစ်ခဲ့လို့ပါ" လို့ အိုင်းဆက်မန်းက Livestream လွှင့် ပြောခဲ့ပါတယ်။ 

ကမ္ဘာကို လှည့်ပတ်နေတဲ့ SpaceX ရဲ့ အလိုအလျောက်စနစ်သုံး Dragon Capsule ယာဉ်မှာ သုံးရက်အချိန်ဖြတ်သန်းခဲ့ပါတယ်။ ခရီးသည် ၄ ဦးဟာ ဘယ်သူမှ ခရီးမသွားဖူးသေးတဲ့ မြေပြင်အထက် ၃၆၇ မိုင်အမြင့်ကို ရောက်ခဲ့တာ ဖြစ်ပြီး Crew Dragon ယာဉ်ဟာ ကမ္ဘာဂြိုလ်ကို တစ်ရက် ၁၅ ကြိမ် ပတ်ခဲ့တာပါ။ စနေနေ့ညနေခင်းမှာ Resilience လို့ နာမည်ပေးထားတဲ့ SpaceX Crew Dragon ယာဉ်ဟာ လေထီးနဲ့အတူ ဖလော်ရီဒါ ကမ်းရိုးတန်း သမုဒ္ဓရာပြင်ထဲ ပြန်ဆင်းသက်ခဲ့ပါတယ်။ 


Inspiration4 မစ်ရှင်မှာ လိုက်ပါခဲ့သူများ (ဝဲမှယာ- ခရစ္စ ဆမ်ဘရော်စကီ ၊ ဆီယန်ပရော့စ်တာ ၊ ဂျဲရက်ဒ် အိုင်ဆက်စ်မန်း ၊ ဟေလီအာစီနီးရော့) (Business Insider)


SpaceX ရဲ့ အရပ်သား အာကာသခရီးစဉ်ဟာ ပုဂ္ဂလိကအာကာသခရီးသွားလာရေးတံခါးကို တွန်းဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။ SpaceX ကို အီလွန်မတ်စ်က ၂၀၀၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။တစ်ချိန်ချိန်မှာ အင်္ဂါဂြိုလ်ပေါ် အာကာသယာဉ်တွေ စေလွှတ်ပို့ဆောင်ပြီး အဲ့ဒီမှာ အခြေချနေထိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် လကမ္ဘာကို ပထမဆုံးခရီးသွားဖို့ SpaceX ဟာ ခရီးသည်တစ်ယောက်ရထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖက်ရှင်လက်လီစတိုး Zozo တည်ထောင်သူနဲ့ CEO ဂျပန်ဘီလျံနာ ယူဆာကာ မာအီဇာဝါဟာ ၂၀၂၃ ခုနှစ်မှာ သွားမယ့် SpaceX ရဲ့ လကမ္ဘာခရီးစဉ်အတွက် ပထမဆုံးပုဂ္ဂလိကခရီးသည် ဖြစ်လာမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ လောလောဆယ် SpaceX ဟာ တခြားသီးသန့်ပုဂ္ဂလိကမစ်ရှင် ၅ ခု ကန်ထရိုက်ရထားသလိုနာဆာနဲ့ ချုပ်ဆိုထားတဲ့ မစ်ရှင်လည်း အနည်းဆုံး ၄ ခုရထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က