လူနေအိမ်တွေနဲ့ဝေးတဲ့ နေရာကို ရွှေ့ပြောင်းမှာပါ။

လက်ရှိ စံပြငါးဈေးနေရာက လူနေအိမ်တွေနဲ့ နီးပြီး အနံ့အသက်တွေရှိနေတာကြောင့် လူနေအိမ်တွေနဲ့ဝေးပြီး သယ်ယူပို့ဆောင်ရလွယ်တဲ့ နေရာကိုရွှေ့ပြောင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပကို အဓိက ရေထွက်ပစ္စည်းများတင်ပို့ရောင်းချလျှက်ရှိတဲ့ ကြည့်မြင်တိုင် စံပြငါးဈေးဟာ လူနေအိမ်တွေနဲ့ နီးတာကြောင့် ရန်ကုန်မြစ်ဝဘက်ကို ရွှေ့ပြောင်းဖို့ စီစဉ်နေပြီး လက်ရှိမှာတော့ နေရာရှာနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်ကနေသိရပါတယ်။ လစဉ်ပြုလုပ်တဲ့ မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာတွေကို ပြောခဲ့တာပါ။


“ နေရာကိုတော့ရှာနေတယ်။ မြစ်ဝဘက်ကိုပေါ့။ ပြောင်းရွှေ့မယ့်နေရာကလည်း သယ်ယူပို့ဆောင်ရလွယ်တဲ့ ဆိပ်ကမ်းဖြစ်ဖို့လိုတာကြောင့် ရန်ကုန်မြစ်ဝဘက်ကိုပြောင်းရွှေ့ဖို့စီစဉ်ခြင်းဖြစ်တယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။

စံပြငါးဈေး ပြောင်းရွှေ့ဖို့ အတွက် ပြောင်းချင်တဲ့ အဖွဲ့နဲ့၊ မပြောင်းချင်တဲ့ အဖွဲ့ နှစ်ဖွဲ့ ဖြစ်နေပြီး မြို့တော်ဝန်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပြောင်းသင့်တယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

ကနဦးက စံပြငါးဈေးကို ရွှေပိတောက်ငါးဈေးကိုရွှေ့ပြောင်းဖို့စီမံထားပေမယ့် လူနေအိမ်တွေနဲ့ နီးလို့ ရန်ကုန်မြစ်ဝဘက်ကိုရွှေ့ပြောင်းဖို့ စီစဉ်တာဖြစ်ပါတယ်။


လက်ရှိစံပြငါးဈေးကလည်း လူနေအိမ်တွေနဲ့နီးပြီး အနံ့အသက်တွေရှိနေတာလည်းဖြစ်ပါတယ်။ ကြည့်မြင်တိုင် စံပြငါးဈေးဟာ ရန်ကုန်မှာ အကြီးမားဆုံး ကုန်စည်ဒိုင်တစ်ခုဖြစ်ပြီး ရေထွက်ပစ္စည်းများကို လက်လီ၊ လက်ကားရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုဖြစ်သလို ပြည်တွင်းပြည်ပကို အဓိက တင်ပို့ရောင်းချတဲ့ နေရာတစ်ခုပင်လည်းဖြစ်ပါတယ်။ အဆိုပါဈေးကြီးကို လက်ရှိမှာ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိနေပေမယ့်လည်း နေရာအခက်အခဲတွေကြောင့် အချိန်တစ်ခုကတော့ ကြာမြင့်နေအုံးမှာပါ။

Share

Loading Next Article...
က္က