ဓါတ်ပုံရိုက်ဂြိုလ်တုတွေရဲ့ မှန်ဘီလူးတွေကို ပစ်မှတ်ထားနိုင်မှာပါ

ပြင်ပနိုင်ငံတွေက လွှင့်တင်ထားတဲ့ သူလျှိုဂြိုလ်တုတွေကို ကြားဖြတ်နှောင့်ယှက်နိုင်မယ့် မြေပြင်အခြေစိုက်လေဆာစနစ်တစ်မျိုးကို ရုရှားနိုင်ငံက တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ 

The Space Review သတင်းက လာတဲ့ သတင်းတစ်ပုဒ်အရ ရုရှားတွေဟာ နိုင်ငံရဲ့အပေါ် ကမ္ဘာပတ်လမ်းထဲက ဂြိုလ်တုတွေကို ကြားဖြတ်နှောင့်ယှက်နိုင်မယ့် မြေပြင်အခြေစိုက်လေဆာ Station သစ်တစ်ခု တည်ဆောက်နေတယ်လို့ ဖော်ပြပါတယ်။ ဒီလေဆာစနစ်ဟာ ထောက်လှမ်းရေးဂြိုလ်တုတွေရဲ့ ဓါတ်ပုံရိုက်တဲ့ Optical Sensors တွေကို အနှောင့်အယှက်ပေးပြီး သူလျှိုထောက်လှမ်းမှုကို ဟန့်တားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 





သတင်းထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ဂြိုလ်တုဓါတ်ပုံရိုက်စနစ်ကို နှောင့်ယှက်မယ့် လေဆာစနစ်ကို Kalina လို့ နာမည်ပေးထားပြီး ကော့ကေးဆပ်မြောက်ပိုင်းက ရုရှားအာကာသစောင့်ကြည့်ရေးဌာနမှာ တပ်ဆင်နေတာလို့ ဆိုပါတယ်။ Kalina ဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ Krona အာကာသစောင့်ကြည့်ရေးစခန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နာမည်ကျော် နက္ခတ်တာရာစောင့်ကြည့်ရေးအဖွဲ့အစည်း Zelenchukskaya ရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ အနီးအနားမှာ ၆ မီတာ BTA တယ်လီစကုပ်တပ်ဆင်ထားတဲ့ ရုရှားအထူးနက္ခတ္တရူဗဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာရေးသိပ္ပံအကယ်ဒမီ နဲ့ RATAN-600 ရေဒီယိုတယ်လီစကုပ်တို့လည်း ရှိပါတယ်။


Kalina ဟာ ရုရှားနယ်နိမိတ်ပေါ် ဖြတ်ကျော်နေတဲ့ နိုင်ငံရပ်ခြားက ဓါတ်ပုံရိုက်ဂြိုလ်တုတွေရဲ့ မှန်ဘီလူးတွေကို ပစ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Kalina လေဆာစနစ်ဟာ သူ့လမ်းကြောင်းပေါ်မှာရှိတဲ့ မိုင်ရာချီဝေးနေတဲ့ ဂြိုလ်တုတွေကို ပစ်မှတ်ထားနိုင်စွမ်းရှိပြီး ထောက်လှမ်းရေးဂြိုလ်တုတွေရဲ့ ရန်ကို ပတ်ပတ်လည် စတုရန်းမိုင် ၄ သောင်းအထိ လွှမ်းမိုးကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့ပေမယ့် ထပ်တလဲလဲ ကြန့်ကြာမှုတွေ ရှိခဲ့တဲ့ ဒီပရောဂျက်ဟာ လက်ရှိ Google Earth ပုံရိပ်အရ တည်ဆောက်ရေးလုပ်နေပြီလို့ မြင်တွေ့ရကြောင်း Space Review က ဖော်ပြပါတယ်။ Kalina မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်းကစပြီး အသုံးပြုခဲ့တဲ့ Peresvet လို့ခေါ်တဲ့ မိုဘိုင်းလေဆာမီးကို တပ်ဆင်သွားမှာပါ။

လေဆာနည်းပညာဟာ ဂြိုလ်တုရန်ကာကွယ်ရေးအထိ သုံးနိုင်လောက်အောင် တိုးတက်လာပြီဆိုပေမယ့် ဒီနည်းပညာမျိုးကို ဘယ်နိုင်ငံမှတော့ အောင်အောင်မြင်မြင် စမ်းသပ်ထားတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။ လေဆာနည်းပညာဟာ ဂြိုလ်တုတွေ လုံးဝအသုံးပြုမရအောင် ဖျက်ဆီးနိုင်တဲ့ လေဆာလက်နက်တွေအထိ လုပ်ဆောင်နိုင်စွမ်းလည်း ရှိလာနိုင်ပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ပေါ်ပေါ်လာခဲ့တဲ့ လေဆာနည်းပညာမှာ ပါတဲ့ ဖိုတွန်ပြင်းအားနဲ့ လှိုင်းအလျားပေါ် လိုက်ပြီး အလင်းကို ပစ်မှတ်ပို့လွှတ်တာကနေ လောင်ကျွမ်းအရည်ပျော်သွားအောင်အထိ စွမ်းဆောင်နိုင်ပါတယ်။ 

နေ့စဉ်ဘဝမှာ လေဆာနည်းပညာကို ပရင့်တာ ၊ DVD စက်တွေ ၊ မျက်စိနဲ့ တခြားဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုတွေအပြင် လေဆာနဲ့ ဖြတ်တောက်တာလိုမျိုး စက်မှုထုတ်လုပ်ရေးပိုင်းတွေမှာ အသုံးချနေပါတယ်။ သုတေသီတွေဟာ လေဆာကို အာကာသယာဉ်နဲ့ မြေပြင်အကြား ဆက်သွယ်ရေးပိုကောင်းစေဖို့ ရေဒီယိုလှိုင်းနည်းပညာအစား အသုံးပြုနေကြပါတယ်။ လေဆာကို စစ်ဘက်ဆိုင်ရာနယ်ပယ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတာ ရှိပါတယ်။ 

အမေရိကန်စစ်တပ်ဟာ Airborne Laser (ABL) ကို ပဲ့ထိန်းဒုံးကျည်တွေ ပစ်ချရာမှာ အသုံးပြုဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ABL ဟာ Boeing 747 လေယာဉ်မှာ တပ်ဆင်ထားတဲ့ အလွန်ကြီးမား အားပြင်းတဲ့ လေဆာစနစ်ဖြစ်ပြီး အပူချိန်စီမံခန့်ခွဲမှုနဲ့ ဓါတုလေဆာ ထိန်းသိမ်းရေးစနစ်ဆိုင်ရာ စိန်ခေါ်ချက်တွေကြောင့် ဒီပရိုဂရမ်က မအောင်မြင်ခဲ့ပါဘူး။ ပိုပြီး အောင်မြင်တဲ့ စစ်ဘက်သုံးလေဆာစနစ်တစ်ခုက Large Aircraft Infrared Counter Measures (LAIRCM) System ဆိုတဲ့ တန်ပြန်လေယာဉ်ဖျက်မစ်ဇိုင်းဒုံးကျည်တွေကို အပူထောက်လှမ်းရေးလုပ်ပြီး လေကြောင်းကာကွယ်ရေးလုပ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ 


LAIRCM ဟာ လေယာဉ်ဆီ ချဉ်းကပ်လာတဲ့ မစ်ဇိုင်းဒုံးကျည်အာရုံခံစနစ်ကို solid-state လေဆာပစ်လွှတ်ပြီး လက်နက်ကို ပစ်မှတ်ရှာဖွေရေးလမ်းကြောင်း ပျောက်သွားအောင် လုပ်တာ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ လေကြောင်းအပြင် စစ်တပ်သုံးထရပ်ကားတွေနဲ့ ရေတပ်သင်္ဘောတွေပေါ်မှာလည်း ဒရုန်း ၊ မော်တာရှဲလ်နဲ့ တခြား ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ဖို့ လေဆာစနစ်တွေ တပ်ဆင်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က