ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ် တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြားက အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဒိုင်လူကြီးတွေကို အတည်ပြု ကြေညာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားပြီးနောက် ရက်ပိုင်းအကြာ ဧပြီလ ၂၇ ရက်နေ့မှာ မြောက်လန်ဒန်ကို သွားရောက်ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲစဉ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့ ၂ သင်းစလုံးအတွက် ကြီးကြီးမားမား အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိအမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် နောက်ကနေ အမီလိုက်နေတဲ့ အသင်းအများအပြားရှိတာကြောင့် ခြေချော်လို့ မရတာဖြစ်ပါတယ်။
နယူးကာဆယ်ဟာ လက်ရှိမှာ ၃ မှတ်အကွာ အဆင့် ၄၊ တော့တင်ဟမ်ဟော့စပါးကလည်း ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ထက် တစ်ပွဲပို ကစားထားတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ လက်ရှိမှာ အန်သိုနီ တေလာက တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားမယ့် ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်သွားမယ်လို့ အတည်ပြုခဲ့ပြီဖြစ်ပြီး လက်ထောက်ဒိုင်တွေအဖြစ် ဂယ်ရီ ဘက်စ်ဝစ်ခ်၊ အဒမ် နန်း၊ စတုတ္ထဒိင်အဖြစ် သောမတ်စ် ဘရာမောလ်တို့က တာဝန်ယူသွားမှာဖြစ်ပါတယ်။
ဆိုင်မွန် ဟူးပါးက VAR တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပြီး စတီဗင် မယ်ရီဒစ်သ်က အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ အန်သိုနီ တေလာကို ကွင်းလယ်ဒိုင်အဖြစ် ခန့်အပ်ခဲ့မှုက မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ကို စိတ်ပျက်စေမှာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ပြီးခဲ့တဲ့လ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဒိုင်လူကြီးရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ကက်စမဲရိုးဟာ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ် ပြသခြင်းခံခဲ့ရပြီးနောက် ပွဲကစားချိန်အများစုကို တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အတွက် အဲဒီအနီကတ်ဟာ ယခုရာသီရဲ့ ဒုတိယမြောက် အနီကတ်ဖြစ်တာကြောင့် ၄ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် တန်ဟက်အနေနဲ့ အန်သိုနီ တေလာကို ဘယ်လိုမှ အခဲမကြေနိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
Share