စပါးကွင်းလယ်လူဟောင်း အိုဟားရားက ဟယ်ရီကိန်းအပေါ် ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ဂရုစိုက်စရာ မလိုကြောင်းနဲ့ ပရီးမီးယားလိဂ်က အရမ်းကို ကြီးမားတဲ့ပြိုင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်တို့ ကာလရှည် စိတ်ဝင်စားခဲ့တာပါ။
လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာတော့ အရှိန်မြှင့် ကြိုးစားလာခဲ့ပြီး ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကို စပါးဘက်က ငြင်းဆန်ပယ်ချလိုက်ပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ဆက်လက် ကြိုးစားသွားဖို့ အစီအစဥ် ချမှတ်ထားပြီးဖြစ်ပါတယ်။
စပါးဥက္ကဌ လီဗိုင်းဟာ ဟယ်ရီကိန်းကို လုံးဝလက်မလွှတ်လိုဘဲ လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း မန်စီးတီးတို့ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ ပေးခဲ့သည့်တိုင် ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုချိန်မှာလည်း အိုဟားရားက ဟယ်ရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ်ဆိုရင် တစ်ဆင့်နိမ့်သွားသလို ဖြစ်နိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
အိုဟားရားက “ကျွန်တော်တို့က တကယ်ရော ဘိုင်ယန်မြူးနစ်ကို ဂရုစိုက်စရာလိုအပ်လို့လား? ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းကို ကြီးမားတဲ့ လိဂ်ပြိုင်ပွဲတစ်ခုပါ။ ဒီတော့ ဒီလိုမျိုး အသင်းပြောင်းသွားမယ်ဆိုရင် တစ်ဆင့်နိမ့်သွားသလို ခံစားရသလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ ရုပ်သံဝင်ငွေနဲ့ စပွန်ဆာကြေးတွေအရ ကျန်တဲ့ ထိပ်သီးလိဂ်အားလုံးထက် ခေါင်းတစ်လုံး အသာရရှိနေပြီး တန်းဆင်းသွားတဲ့ အသင်းတွေရဲ့ တစ်ရာသီဝင်ငွေတောင်မှ အခြားလိဂ်တွေရဲ့ ထိပ်တန်းအသင်းကြီးတွေရဲ့ တစ်ရာသီစာဝင်ငွေထက် ပိုမိုများပြားနေပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဟယ်ရီကိန်းကိုယ်တိုင်ကပါ အသင်းပြောင်းဖို့ ဆန္ဒရှိလာခဲ့ပြီး စပါးနဲ့ ဘိုင်ယန်မြူးနစ်သာ သဘောတူညီမှုရရှိခဲ့ရင် ဘွန်ဒက်စ်လီဂါကို သေချာပေါက် ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။