လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက လီဗာပူးနဲ့စပါးပွဲက စပါးရဲ့နည်းစနစ်တွေကို ပွဲအပြီးမှာ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးနဲ့ စပါးတို့ တဖက်တဂိုးစီ သရေကျခဲ့ပြီး လီဗာပူးက နောက်ကနေ လိုက်ကစားခဲ့ရတာပါ။
စပါးအတွက် ဆွန်ဟောင်မင်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး လီဗာပူးအတွက် ချေပဂိုးကို ဒီယက်ဇ်က ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးတို့ အိမ်ကွင်းမှာ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်နည်းသွားပါတယ်။
လက်ရှိအနေအထားအရ မန်စီးတီးနဲ့လီဗာပူး အမှတ်တူနေပေမယ့် ဒီကနေ့ညမှာသာ မန်စီးတီးက နယူးကာဆယ်ကို အနိုင်ကစားနိုင်ခဲ့ရင် မန်စီးတီးနဲ့ လီဗာပူးအကြား (၃) မှတ် ကွာဟသွားမှာဖြစ်ပါတယ်။ စပါးနဲ့ပွဲအပြီးမှာလည်း လီဗာပူးနည်းပြကလော့ပ်က စပါးရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ အခုလို ဝေဖန်လာပါတယ်။
ကလော့ပ်က “ဆောရီးပါ။ စပါးရဲ့ခံစစ်အကြောင်းကို ခင်ဗျားတို့ ကျနော့်ကို လူမှားပြီး လာမေးနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကတော့ ဒီလိုမျိုး ကစားတဲ့ ပုံစံကို သဘောမကျလို့ပါပဲ။ ဒါပေမယ့်လည်း ဒါက ကျနော့်ရဲ့ကိုယ်ပိုင်ပြဿနာပဲလေ”
“ကျနော်က စပါးကို ကမ္ဘာ့အဆင့်လို့ထင်ခဲ့ပြီး ဒီပွဲမှာ အခုထက်ပိုမိုလုပ်ပြနိုင်ခဲ့သင့်တယ်ထင်ပါတယ်။ လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ သူတို့က ဘောလုံးပိုင်ဆိုင်မှု (၃၆) ရာခိုင်နှုန်းပဲရှိတယ်။ ဒါလည်း ကျနော့်ကိစ္စပါပဲ။ ကျနော်မှ သူတို့ကို သွားနည်းပြနေလို့မှမရတာ။ ကမ္ဘာ့အဆင့် ကစားသမားတွေက နောက်မှာဆင်းပြီး ဘောလုံးပဲ လိုက်ဖျက်နေကြပါတယ်”
“ဒါက တကယ်ကို ကစားရခက်ပါတယ်။ အက်သလက်တီကိုဆိုလည်း ဒါမျိုးပဲ ကစားတာပါ။ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သူတို့လုပ်ခဲ့သမျှ အရာရာတိုင်းကို လေးစားပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါမျိုးလုပ်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။