စပါးကစားသမားသစ်ပါရီဆစ်ကတော့ အသင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးပြီး သိပ်မကြာခင်မှာပဲ မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ထိုးနှက်တယ်လို့ ယူဆရတဲ့ ပြောဆိုမှုတွေကို လုပ်ဆောင်သွားခဲ့ပါတယ်။ အင်တာမီလန်ကစားသမားဟောင်းဟာ ဆရာဟောင်းကွန်တီရှိရာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ခရိုအေးရှားဝါရင့်တောင်ပံကစားသမားက အင်တာမီလန်ကို ကိုပါအီတာလီယာဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပါရီဆစ်ကို ကွန်တီက စောစောစီးစီးပဲ လက်ဦးမှုရယူခဲ့ပြီး ရာသီပြီးဆုံးပြီး သိပ်မကြာခင်မှာပဲ အလျင်အမြန်ခေါ်ယူခဲ့ကာ လာမယ့်ရာသီအတွက် သူ လိုချင်တဲ့ ကစားသမားကို ရရှိခဲ့ပြီဖြစ်ပါတယ်။
စာချုပ်ချုပ်ဆိုအပြီးမှာပဲ ပါရီဆစ်က "အာဆင်နယ်နဲ့ပွဲကို အနိုင်ကစားခဲ့ပြီးချိန်မှာ စပါးက ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုတာ ထင်ရှားခဲ့ပါတယ်၊ စပါးရဲ့ နောက်ဆုံး ၂ပွဲ၊ ၃ ပွဲလောက်ကို ကျနော်ကြည့်ဖြစ်ခဲ့ပါတယ်၊ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုတာက ကျနော့်အတွက်တော့ ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်က အကောင်းဆုံးပွဲတွေကိုပဲ ကစားချင်လို့ပါ"
"ချန်ပီယံလိဂ်မှာ တကယ်ကောင်းတာတွေကို လုပ်ပြချင်တယ်၊ ပြီးတော့ ပရိးမီးယားလိဂ်မှာရောပေါ့၊ ထိပ်တန်းလိဂ် ၅ ခုမှာ ကစားဖို့ဆိုတာက ကျနော့်ရဲ့အိပ်မက်ပါ၊ ပရီးမီးယားလိဂ်ကတော့ ပျောက်ဆုံးနေတဲ့ ပဟေဠိအပိုင်းအစလေးပေါ့။ အခုတော့ ကျနော် ဒီကိုရောက်လာခဲ့ပြီ၊ ပြီးပြည့်စုံမယ်လို့ မျှော်လင့်ပါတယ်၊ ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။