မန်စီးတီးဘက်က အလေးအနက်ထားစိတ်ဝင်စားနေမှုကို လျစ်လျူရှုခဲ့ပြီးနောက် စပါးအသင်းဟာ ဟယ်ရီကိန်းကို လစာငွေတိုးမြှင့်ပေးချေကာ စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ စပါးဘက်က အခုလိုကြံရွယ်မှုဟာ ကိန်းရဲ့ အသင်းအပေါ်သစ္စာရှိမှုအတွက် ချီးမြှင့်ပေးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
မန်စီးတီက ဟယ်ရီကိန်းအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ အထိ အသုံးပြုဖို့ရည်ရွယ်ကာ ကမ်းလှမ်းခဲ့ပေမယ့် စပါးက ငြင်းဆန်ခဲ့ပါတယ်။ ကစားသမားကလည်း အောင်မြင်မှုတွေရရှိဖို့ အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပေမယ့် စပါးက အစွမ်းကုန်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် အဆုံးသတ်မှာ ကိန်းက အသင်းမှာဆက်ရှိနေမှာဖြစ်ပြီး ရာနှုန်းပြည့်အားထုတ်ပေးသွားမယ်လို့ အတိအလင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
"တနင်္ဂနွေနေ့က စပါးပရိသတ်တွေဆီကနေ မယုံကြည်နိုင်လောက်စရာ လက်ခံကြိုဆိုမှုတွေကို ကျွန်တော်ရရှိခဲ့ပါတယ်၊ ပြီးတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ထောက်ခံအားပေးတဲ ့မက်ဆေ့ဂျ်တွေလည်း ရခဲ့ပါတယ်၊ ဒီနွေရာသီမှာ ကျွန်တော်အသင်းနဲ့အတူ ဆက်ရှိနေမှပါ၊ အသင်းအောင်မြင်မှုရဖို့အတွက် ရာနှုန်းပြည့် အာရုံစိုက်သွားပါမယ်" လို့ ကိန်းက ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ စာချုပ်သစ်အတွက် စပါးကပြင်ဆင်နေပြီး တစ်ပတ်လုပ်ခပေါင်လေးသိန်းအထိ ပေးချေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ အင်္ဂလန်အသင်းခေါင်းဆောင်က အပိုဆုကြေးအပါအဝင် တစ်ပတ်လုပ်ခပေါင်သုံးသိန်းအထိ ရရှိနေတာဖြစ်ပြီး နောက်ထပ်ပေါင်တစ်သိန်းအထိ စပါးက တိုးမြှင့်ပေးမှာဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးရကစားသမားစာရင်းထဲ ကိန်းက ပါဝင်လာနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့လစာအများဆုံးရကစားသမားစာရင်းမှာလည်း အဆင့် ၈ နေရာအထိ သူက ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။ သူ့ရှေ့မှာတော့ မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ ဂရစ်မန်း၊ ဆွာရက်ဇ်၊ ဘေးလ်၊ ဘတ်ပီတို့က အစဉ်လိုက်ရပ်တည်နေတယ်လို့လည်း Give Me Sport က ဖော်ပြခဲ့ပါတယ်။