လီဗာပူးပရိသတ်တွေဟာ စပါးနဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပြန်လည်ကစားခွင့်ပေးဖို့ တောင်းဆိုနေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ စပါးက လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးစ် စောစောစီးစီး အထုတ်ခံခဲ့ရပါတယ်။ လီဗာပူး တိုက်စစ်ကစားသမား ဒီယက်ဇ်ကလည်း အသင်းအတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ရဲ့ အမှားကြောင့် သူ့ရဲ့ သွင်းဂိုးကို ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။
အဲ့ဒီနောက် လီဗာပူးတို့ ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပေမယ့် ဂျိုတာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံရမှုနဲ့အတူ လီဗာပူး နောက်ခံလူ မာတစ်ပ်ရဲ့ နောက်ဆုံးမိနစ် Own Goal ကြောင့် လီဗာပူးတို့ အဝေးကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်က ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းပယ်ဖျက်ခဲ့မိကြောင်း လီဗာပူးကို တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့် ကလော့ပ်နဲ့ လီဗာပူးပရိသတ်တွေရဲ့ ဒေါသက မရပ်တန့်သွားဘဲ အခုချိန်မှာတော့ လီဗာပူးပရိသတ်တွေက ဒီပွဲကို ပြန်လည်ကစားခွင့်ပေးဖို့ တောင်းဆိုလာကြပါတယ်။ လီဗာပူးပရိသတ်တွေက “ဒီပွဲကို ပြန်ကစားခိုင်းသင့်ပါတယ်။ VAR အနေနဲ့ ဒီလိုပွဲမျိုးတွေမှာ အမှားအယွင်းမရှိအောင် သေချာလုပ်ဖို့ လိုအပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ပျက်ကွက်ခဲ့ပါတယ်” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။
လီဗာပူးပရိသတ်တွေက ဒီလိုမျိုး တောင်းဆိုခဲ့ကြပေမယ့် အခုလိုမျိုး ဘောလုံးပွဲတစ်ပွဲကို ဒိုင်လူကြီးရဲ့အမှားကြောင့် ပြန်လည်ကစားခွင့်ပေးဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လီဗာပူးအနေနဲ့လည်း ဒီရာသီမှာ မကြာခဏ အနီကတ်ထိနေပြီး ၃-၁ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ သူတို့ရဲ့နိုင်ပွဲဆက်မှုက စပါးနဲ့အတွေ့မှာ ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။