မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက လီဗာပူးအသင်းအနေနဲ့ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်မယူနိုင်ဘူးဆိုရင် ဆုဖလားပြေးလမ်းပေါ်က ခြေချော်သွားပြီလို့ စွပ်စွဲခံရမှာဖြစ်တယ်လို့ ယုံကြည်နေကြောင်း Express က ဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အောက်တိုဘာတစ်လလုံး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲမှ အနိုင်ရရှိခြင်းမရှိသေးဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်ကို ၇-၂ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ဝက်ဖို့ဒ်ကိုလည်း အိမ်ကွင်းမှာ ၁-၁ သရေကျထားတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စိတ်ဓာတ်ပိုင်းဟာ အမြင့်ဆုံးကို ရောက်ရှိနေပြီး အနိုင် ၃ မှတ်လည်း မဖြစ်မနေရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။
လီဗာပူးအသင်းကတော့ ပြီးခဲ့တဲ့အပတ်မှာ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး ၁၈ ပွဲဆက်နိုင်ပွဲမရရှိခဲ့ဘဲ စံချိန်ကျိုးပျက်သွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲသာအနိုင်ရရှိထားတဲ့ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက လီဗာပူးအသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်မရရှိခဲ့ဘူးဆိုရင် ချန်ပီယံပြေးလမ်းပေါ်က ချော်သွားပြီလို့ စွပ်စွဲခံရလိမ့်လို့ သတိပေးခဲ့ပါတယ်။
“တကယ်လို့ ဒီအပတ်မှာ သူတို့ အနိုင်မရရှိခဲ့ဘူးဆိုရင် ခင်ဗျားက စပြောတော့မယ်။ မျှော်လင့်ခဲ့တဲ့အတိုင်းမဟုတ်တော့ဘူး။ စပြီးတော့ ခြေချော်နေပြီလို့”
“တော့တင်ဟမ်အတွက်က သူတို့တွေလက်ရှိရှိနေတဲ့ ခက်ခဲတဲ့ကာလကနေ လွတ်မြောက်ချင်တယ်ဆိုရင် သူတို့က ဘာလဲဆိုတာကို ကြေညာရမယ်။ အန်းဖီးက သွားကစားဖို့ အခက်ခဲဆုံးနဲ့ ဘောလုံးနေရာချဖို့တောင် မလွယ်တဲ့နေရာပဲ”
“နှစ်သင်းစလုံးအတွက် တကယ်ကို ကြီးမားတဲ့ပွဲစဉ်ပါပဲ။ တော့တင်ဟမ်က ဒီလိုပြင်းထန်မှုမျိုးတွေနဲ့ ကစားနိုင်ဖို့အတွက် ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။