ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လှောင်ပြောင်ခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ စပါး ၂-၂ လီဗာပူးလ်ပွဲစဉ်မှာတော့ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဒေါသထွက်မှုတွေ အများအပြားရှိလာခဲ့ပါတယ်။ ပွဲချိန်အတွင်း ဆုံးဖြတ်ချက်တွေမှာ ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်တွေက တဖက်သတ်ဆန်မှုတွေရှိခဲ့တယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်အပါအဝင် လီဗာပူးလ်ပရိသတ်တွေကလည်း ဝေဖန်ခဲ့ကြပါတယ်။



ပွဲအပြီးမှာ ကလော့ပ်က တီယာနေးဆီကို သွားခဲ့ပြီး မေးခွန်းထုတ်မှုတွေရှိခဲ့ကာ Sky Sports နဲ့ အင်တာဗျူးမှာလည်း ဒိုင်လူကြီးက ဘောလုံးမကန်ဖူးတာကြောင့် အခုလိုတွေဖြစ်ခဲ့တယ်လို့ ပြစ်တင်သွားခဲ့ပါတယ်။ ဂျိုတာကို စပါးနောက်ခံလူအီမာဆင်ဖျက်ထုတ်မှုကို ပင်နယ်တီမပေးခဲ့တာ၊ ရောဘတ်ဆန်ကို ဟယ်ရီကိန်းဖျက်ထုတ်မှုကို အနီကတ်မပြခဲ့ဘဲ အီမာဆင်ကို ရောဘတ်ဆန်ဖျက်ထုတ်မှုအပေါ် အနီကတ်ပြခဲ့တာတွေကို ကလော့ပ်က အကြီးအကျယ်ဝေဖန်ခဲ့ပါတယ်။ 

ပွဲကစားချိန် မိနစ် ၂၀ မှာ ဟယ်ရီကိန်းက ရောဘတ်ဆန်ကို ရှေ့တည့်တည့်ကနေ လျှောထိုးဖျက်ထုတ်ခဲ့ရာမှာ လီဗာပူးလ်နောက်ခံလူက လေထဲမြောက်တက်သွားတဲ့အထိ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်သာပြသခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၈ မိနစ်မှာတော့ ရောဘတ်ဆန်က အီမာဆင်ကို ဖျက်ထုတ်မှုကို အဝါကတ်ပြားပြသခဲ့ပြီးမှ VAR ပြန်ကြည့်ခဲ့ကာ အနီကတ်ပြထုတ်ပယ်ခဲ့လို့ လီဗာပူးလ်တို့ တယောက်လျော့ခဲ့ပြီး ရုန်းကန်သွားခဲ့ရပါတယ်။ 

ဒီဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ကာ ပရိသတ်တွေက ပရီးမီးယားလိဂ်အနေနဲ့ VAR ကိုလည်း ကိုဗစ်ကူးစက်မှုရှိ၊မရှိဆိုတာ စစ်ဆေးပေးသင့်နေပြီလို့ လှောင်ပြောင်ပြောဆိုခဲ့ကြပါတယ်။ တီယာနေးကလည်း အားလုံးအပြစ်တင်ရလောက်အောင် ဆုံးဖြတ်ချက်တွေမှားယွင်းခဲ့ပြီး လီဗာပူးလ်တို့ရရှိခဲ့တဲ့ ဒုတိယမြောက်ဂိုးမှာ ဆာလာရဲ့လက်နဲ့ထိခဲ့တယ်ဆိုပြီး စပါးကစားသမားတွေက စောဒကတက်ခဲ့ပေမယ့် VAR ပြန်မကြည့်ခဲ့ဘဲ ဂိုးပေးခဲ့ပါတယ်။

ဂျိုတာရဲ့ ပြစ်ဒဏ်ဘောမှာလည်း ကစားသမားက ဟန်ဆောင်လှဲချတယ်လို့ ဆုံးဖြတ်ခဲ့လို့ ဘာလို့ VAR ပြန်မကြည့်တာလဲဆိုပြီး ကလော့ပ်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ ဖျက်ထုတ်ပုံ၊ ရောဘတ်ဆန်ရဲ့ ဖျက်ထုတ်မှုနှစ်ခုကတော့ လူပြောအများဆုံးဖြစ်နေခဲ့ပြီး VAR ပါ ကိုဗစ်ကူးသွားတာလားလို့ ဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။ 

Share

က္က