ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က စပါးနဲ့ပွဲမှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီမရခဲ့တဲ့အတွက် ဒိုင်လူကြီးတွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီအတွက်လည်း ဒိုင်တွေအနေနဲ့ ယူနိုက်တက်ကို လာတောင်းပန်သင့်တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ယူဆနေပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက စပါးနဲ့ အဝေးကွင်းပွဲမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ စောစောစီးစီး ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ ပင်နယ်တီရသင့်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ဒိုင်တွေကတော့ ဒါကို မျက်ကွယ်ပြုခဲ့ပါတယ်။
ဂါနာချိုရဲ့ ကန်ချက်က စပါးနောက်ခံလူ ရိုမဲရိုးရဲ့ လက်နဲ့ ပင်နယ်တီဧရိယာအတွင်း ထိမိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရော၊ VAR ရောက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ စပါးကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အသင်းကလည်း စိတ်ပျက်စရာ ကစားပုံကို ပြသခဲ့ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ အန်တိုနီကို အဝါကတ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို စောဒကတက်ခဲ့တဲ့အတွက်လည်း ဘရူနိုဖာနန်ဒက်စ်တစ်ယောက် အဝါကတ်ထိခဲ့ပါသေးတယ်။ ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က “ဂျွန်မော့စ် (ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ရဲ့ အဓိကတာဝန်ရှိသူ) အနေနဲ့ ကျွန်တော်တို့ အဝတ်လဲခန်းထဲအထိ လာပြီး တောင်းပန်မလား စောင့်ကြည့်ရမှာပါ”
“သူတို့တွေ ဝုလ်ဗ်နဲ့ပွဲမှာ ဝုလ်ဗ်မန်နေဂျာတွေကို တောင်းပန်ခဲ့သလိုပေါ့။ အခုလည်း သူ ကျွန်တော်တို့ဆီ လာတောင်းပန်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ရာသီအဖွင့်ပွဲမှာလည်း အိုနာနာရဲ့ နောက်ဆုံးမိနစ်ဖြစ်ရပ်ကို ပင်နယ်တီမပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က ဝုလ်ဗ်ကို တရားဝင်တောင်းပန်ခဲ့ပါသေးတယ်။