စပါးနည်းပြ ကွန်တီက ပရီးမီးယားလိဂ်ရဲ့ ပွဲစဥ်ဇယားရေးဆွဲမှုအပေါ် အရွဲ့တိုက်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာကို ထိုးနှက်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်စတာ၊ လီဗာပူး၊ အက်စတွန်ဗီလာတို့နဲ့ (၆) ရက်အတွင်း (၃) ပွဲကစားရမှာဖြစ်ပါတယ်။
အခု ဒီညမှာ အာဆင်နယ်တို့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ငံတကာပွဲတွေအပြီးမှာလည်း ချဲလ်ဆီး၊ ယူနိုက်တက်တို့နဲ့ သုံးရက်သာ ခြားပြီး ဆက်တိုက် ရင်ဆိုင်ရမှာပါ။ အဲ့ဒါကြောင့်လည်း အာတီတာက ပရီးမီးယားလိဂ်ရဲ့ ပွဲစဥ်ဇယားရေးဆွဲမှုကို ကျေးဇူးတင်တယ်လို့ အရွဲ့တိုက် ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အာတီတာရဲ့ ဒီပြောစကားကိုတော့ စပါးနည်းပြ ကွန်တီက အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။ ကွန်တီက “ကျနော် အာတီတာကို မေးချင်တာက စပါးနဲ့အာဆင်နယ်ပွဲကို သူတို့ဖျက်သွားတာရော မှတ်မိလားဆိုတာပါပဲ။ အိုကေလားမသိဘူးဗျ။ မမျှတဘူးပြောရမယ်ဆိုရင်တော့ ကျနော် ဒီမှာပဲ ရပ်လိုက်ပါမယ်”
“တယောက်ယောက်က ဒါကို မျှတတယ်၊ မမျှတဘူး ပြောချင်တယ်ဆိုရင် စပါးနဲ့အာဆင်နယ်ပွဲကိုရော ကျနော်တို့ ရွှေ့လိုက်တာလား? ကျနော်တို့ မဟုတ်ဘူးလေ။ ကျနော်ကတော့ ဒါကို မမေ့နိုင်သေးပါဘူး။ အဲ့ဒီတော့ မျှတတယ်၊ မမျှတဘူးဆိုပြီး ပြောနေဖို့မှန်ကန်တယ်လို့ မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
စပါးနဲ့အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်မှာ အာဆင်နယ်က ကိုဗစ်ပြဿနာ ထင်သလောက် မဆိုးရွားပေမယ့် ကစားသမားတွေ ဒဏ်ရာရနေတာ၊ အာဖရိကဖလားအတွက် ကစားသမား စေလွှတ်ထားရတာတွေကို အကြောင်းပြပြီး ပွဲကိုရွှေ့ဆိုင်းဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တောင်းဆိုမှုကို ပရီးမီးယားလိဂ်ကလည်း လက်ခံခဲ့ပြီး အဲ့ဒီအပေါ်မှာ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်ခဲ့ပါသေးတယ်။