စပါးနည်းပြ အန်ဂီပိုစတီကိုဂလူးက စပါးပရိသတ်တွေ မနေ့ညက မန်စီးတီအတွက် အောင်ပွဲခံ အားပေးတဲ့အပေါ် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ စပါးတို့ အိမ်ကွင်းမှာ မန်စီးတီးကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။




ပွဲမတိုင်ခင်ကတည်းက စပါးနည်းပြက သူ့အသင်းကို ရှုံးစေချင်တဲ့ စပါးပရိသတ်တွေကို နားမလည်နိုင်ကြောင်း ပြောကြားခဲ့ပြီး ကွင်းထဲမှာလည်း ပြဿနာတက်ခဲ့တာပါ။ စပါးပရိသတ်တွေဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်စေချင်တာကြောင့် မန်စီးတီးကို အားပေးခဲ့ကြတာဖြစ်ပါတယ်။

မန်စီးတီးဂိုးရသွားတဲ့အချိန်မှာ စပါးပရိသတ်တွေ အောင်ပွဲခံခဲ့သလို ပွဲပြီးခါနီးမှာလည်း “အာဆင်နယ်ရေ.. မင်းတို့ကြည့်နေလား” ဆိုပြီး ကွင်းတွင်းမှာ သံပြိုင်အော်ဟစ်ခဲ့ကြတာပါ။ အဲ့ဒါကြောင့်လည်း ပိုစတီကိုဂလူးက စပါးပရိသတ်တွေကို ဒေါသထွက်ခဲ့ပြီး သူ့ရဲ့ နည်းစနစ်ဧရိယာထဲကနေ စပါးပရိသတ်တစ်ယောက်နဲ့ စကားများခဲ့ပါတယ်။

နည်းပြခုံတန်းအနောက်မှာရှိနေတဲ့ ပရိသတ်ကို ပိုစတီကိုဂလူးက လက်ညှိုးထိုးကာ စကားပြောဆိုခဲ့ပြီး အဆိုပါစပါးပရိသတ်က မန်စီးတီးကို အားပေးနေတာကြောင့်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ စပါးဟာ ပွဲချိန်အတွင်းမှာ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့အတူ ချေပဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဆွန်ဟောင်မင်ရဲ့ကန်ချက်ကို မန်စီးတီးဂိုးသမား အော်တီဂါ ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် (၉၀) မှာတော့ ဟာလန်းက မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ပွဲသိမ်းဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က