မာဆေးလ်နည်းပြ အိုင်ဂေါ်တူဒါဟာ မနေ့ညက စပါးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ကွင်းထဲအထိဝင်ပြီး သူ့ရဲ့ ကစားသမားတွေကို ညွှန်ကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ မာဆေးလ်တို့ ပထမပိုင်းမှာ အမ်ဘမ်ဘာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးပြီး ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် စပါးတို့ အုပ်စု ပထမရရှိခဲ့ပြီး မာဆေးလ်ကတော့ အုပ်စု နောက်ဆုံးမှာသာ ရပ်တည်ခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်တောင် မရရှိခဲ့ပါဘူး။ ဒီပွဲမှာ စပါးနည်းပြ ကွန်တီကတော့ ပြီးခဲ့တဲ့ စပို့တင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ပွဲကြည့်စင်ပေါ်မှာပဲရှိနေခဲ့ပါတယ်။
ဒါပေမယ့် နည်းပြတယောက်အနေနဲ့ အထင်ကရဖြစ်ရပ်တခုကိုတော့ မာဆေးလ်နည်းပြ တူဒါက ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ဖန်တီးခဲ့ပါတယ်။ ဟယ်ရီကိန်း ဘောလုံးရလာချိန်မှာ ခံစစ်ပေါက်ပြီဆိုတာကို သိခဲ့တဲ့ တူဒါဟာ အားပါလာခဲ့ပြီး နည်းစနစ်ဧရိယာကို ကျော်လွန်၊ ကွင်းထဲအထိ ဝင်ရောက်ကာ သူ့ကစားသမားတွေကို ခံစစ်ကာကွယ်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
တူဒါရဲ့ ညွှန်ကြားမှုကတော့ အချိန်မမီခဲ့ဘဲ ဟယ်ရီကိန်းရဲ့ ဖန်တီးပေးပို့မှုကတဆင့် ဟို့ချ်ဘာ့ချ်က စပါးအတွက် အနိုင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ တူဒါရဲ့အဖြစ်မျိုးကတော့ ဘောလုံးပွဲတွေမှာ မြင်နေကျပုံစံမျိုး မဟုတ်ခဲ့ဘဲ ပရိသတ်တွေတောင်မှ အံ့အားသင့်ခဲ့ရပါသေးတယ်။ စတုတ္ထဒိုင်ကတော့ တူဒါကို ချက်ချင်းသွားရောက် တားဆီးခဲ့ရသေးတာပါ။
ဒီပွဲမှာ ကွင်းထဲက မာဆေးလ် ကစားသမားတွေအနေနဲ့ သရေရလဒ်က နောက်တဆင့်အတွက် မလုံလောက်ဘူးဆိုတာကို မသိရှိခဲ့ကြောင်း၊ ဒါပေမယ့် အရန်ခုံတန်းက နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေက သိထားခဲ့ပြီး အချိတ်အဆက်လွဲချော်ခဲ့ကြောင်းလည်း မာဆေးလ်ရဲ့ အဖွင့်ဂိုးရှင် အမ်ဘမ်ဘာက ပွဲအပြီးမှာ ပြောကြားခဲ့ပါသေးတယ်။