ကာတာကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲကို ကျင်းပခဲ့တာပါ။

(၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် အုပ်စုအဆင့်မဲခွဲပွဲတွေကို ဒီကနေ့ည၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာတော့ ဘရာဇီးဂန္တဝင် ကာဖူး၊ ကာကာ၊ ဂျာမနီဂန္တဝင် လိုသာမားသီးယပ်စ်နဲ့ အီတလီဂန္တဝင်ပီယာလိုတို့အပါအဝင် အီရန်ဂန္တဝင် အယ်လ်ဒါယီ၊ အိုကိုချာ၊ မီလူတင်နိုဗစ်၊ မာဂျာနဲ့ တင်မ်ကာဟေးလ်တို့လို ကစားသမားဟောင်းတွေလည်း တက်ရောက်ပါဝင်ခဲ့ကြပါတယ်။



အုပ်စု (A) မှာတော့ အိမ်ရှင်ကာတာနဲ့အတူ အီကွေဒေါ၊ ဆီနီဂေါနဲ့နယ်သာလန်တို့ ကျရောက်ခဲ့ပါတယ်။ ဗန်ဒိုက်ချ်နဲ့မာနေးတို့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။ နယ်သာလန်အနေနဲ့လည်း အိမ်ရှင်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အရမ်းမကျပ်ဘဲ နောက်တဆင့်အတွက် အခြေအနေကောင်းခဲ့ပါတယ်။

အုပ်စု (B) မှာတော့ အင်္ဂလန်၊ အီရန်၊ အမေရိကန်တို့နဲ့အတူ ဝေးလ်စ်/စကော့တလန်/ယူကရိန်း တသင်းသင်း ကျရောက်မှာပါ။ မဲခွဲပွဲမတိုင်ခင် အင်္ဂလန်တို့ အုပ်စုကျပ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တော်တော်လေး အုပ်စုချောင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အင်္ဂလန်တို့ နောက်တဆင့်အတွက် တနေရာ သေချာတဲ့အနေအထားလည်းဖြစ်ပါတယ်။

အုပ်စု (C) မှာတော့ အာဂျင်တီးနား၊ ဆော်ဒီအာရေဗျ၊ မက္ကဆီကိုနဲ့ ပိုလန်တို့ ကျရောက်ခဲ့ပါတယ်။ မက်ဆီနဲ့လီဝန်ဒေါစကီး အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး အာဂျင်တီးနားအတွက်တော့ အုပ်စုတက်ရေး တနေရာ ခိုင်မာတယ်လို့ဆိုရမှာပါ။

အုပ်စု (D) မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်၊ ဒိန်းမတ်၊ တူနီးရှားတို့နဲ့အတူ သြစတြေးလျ/ပီရူး/ယူအေအီး တသင်းသင်း ကျရောက်မှာဖြစ်ပါတယ်။ ဒီအုပ်စုအနေအထားကို ကြည့်မယ်ဆိုရင်တော့ ဥရောပနှစ်သင်းဖြစ်တဲ့ ပြင်သစ်နဲ့ဒိန်းမတ်တို့ပဲ အခြေအနေကောင်းနိုင်တယ်လို့ ခန့်မှန်းရမှာပါ။

အုပ်စု (E) မှာတော့ စပိန်၊ ဂျာမနီ၊ ဂျပန်တို့နဲ့အတူ ကော်စတာရီကာ ဒါမှမဟုတ် နယူးဇီလန်တသင်းသင်း ကျရောက်မှာပါ။ ဒီအုပ်စုကတော့ ကာတာကမ္ဘာ့ဖလားရဲ့ မရဏအုပ်စုဖြစ်ခဲ့ပြီး ဂျပန်ကလည်း အဆိပ်ရှိတဲ့အသင်းတသင်းဖြစ်တာကြောင့် စပိန်နဲ့ဂျာမနီတို့ တပွဲတောင် အမှားခံလို့မရပါဘူး။

အုပ်စု (F) မှာတော့ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ ကျရောက်ခဲ့ပြီး ဥရောပနှစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့ပဲ တက်ရောက်သွားနိုင်ခြေများတဲ့အုပ်စုပါ။

အုပ်စု (G) မှာတော့ ဘရာဇီး၊ ဆာဘီးယား၊ ဆွစ်ဇာလန်နဲ့ ကင်မရွန်းတို့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။ ဒီအုပ်စုအနေအထားကိုကြည့်မယ်ဆိုရင်တော့ လွယ်မယောင်နဲ့ခက်တယ်လို့ ပြောရမှာပါ။ ဘရာဇီးအနေနဲ့လည်း ပေါ့ဆလို့မရသလို သူနဲ့ ဘယ်အသင်း အတူတူတက်မလဲဆိုတာကလည်း ခန့်မှန်းရခက်ပါလိမ့်မယ်။



အုပ်စု (H) မှာတော့ ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေး နဲ့ တောင်ကိုရီးယားတို့ ကျရောက်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာနိုင်တာကြောင့် ပေါ်တူဂီတို့ နောက်တဆင့်တက်ရေး အစွမ်းကုန်ကြိုးစားရမှာဖြစ်ပြီး ဒီအုပ်စုကလည်း အန္တရာယ်များတဲ့အုပ်စုဖြစ်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က