စပိန်နိုင်ငံ အစိုးရက နိုင်ငံ့ဝန်ထမ်းအားလုံးကို လာမယ့် ၂၀၂၂ ခုနှစ်အတွင်း လစာ ၂ ရာခိုင်နှုန်း တိုးမြှင့်ပေးသွားရန် စီစဥ်ထားကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၅ ရက်) ပြောပါတယ်။
မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာ ကွာဟမှုကို ထိန်းထားနိုင်ရန် ကူညီမှုအဖြစ် လစာတိုးပေးရန် စပိန်အစိုးရက စီစဥ်နေခြင်း ဖြစ်ပါတယ်။ ဝန်ထမ်းလစာတိုးမြှင့်မှုကို ယခုနှစ်မကုန်မီ အစိုးရအဖွဲ့တစ်ခုလုံးထံမှ သဘောတူညီချက်ရယူပြီးနောက် လွှတ်တော်မှာ အတည်ပြုသွားမယ်လို့ ဆိုပါတယ်။
လာမယ့်နှစ် အစိုးရအသုံးစရိတ်ကိစ္စ လွှတ်တော်သို့ တင်သွင်းအတည်ပြုရာမှာ ဝန်ထမ်းလစာတိုးမြှင့်မှုလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ INE စာရင်းအင်းအဖွဲ့အစည်းထံမှ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အချက်အလက်တွေအရ ၁၂ လအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာတယ်လို့ ဆိုပါတယ်။
(မက်ဒရစ်မြို့ မြင်ကွင်းတစ်ခု) (Photo: Javier Barbancho)
ဈေးနှုန်းများ မြင့်တက်နေမှုဟာ ယာယီသာဖြစ်ကြောင်း အစိုးရက ပြောခဲ့ပေမဲ့ စပိန်ဘဏ် (Bank of Spain) ကတော့ လုပ်ခလစာတိုးခြင်းကဲ့သို့ ဒုတိယအကျော့ သက်ရောက်မှုတွေ ငွေကြေးဖောင်းပွမှုကို ဆက်ဖြစ်နေစေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာကို စက်တင်ဘာလအတွင်း ၁.၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး အစိုးရက ၂၀၂၂ ခုနှစ်မှာလည်း နောက်ထပ်တိုးမြှင့်ရန် စီစဥ်ထားပါတယ်။
ထိုအတောအတွင်း ပင်စင်ခံစားတွေကိုလည်း ၂၀၂၁ ခုနှစ် ပျမ်းမျှ ငွေကြေးဖောင်ပွမှုနှုန်းနဲ့ ကိုက်ညီစေရန် လာမယ့် ဇန်နဝါရီ ၁ ရက်မှစပြီး တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ စပိန်မှာ ၂၀၂၁ ခုနှစ် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂.၈ ရာခိုင်နှုန်းဝန်းကျင် ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။