ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ စပိန်နိုင်ငံက ဘောလုံးပွဲတွေက စစ်တိုက်ရသလိုပဲလို့ ပြောကြားခဲ့ပြီး အင်္ဂလန်နဲ့လည်း နှိုင်းယှဥ်သွားခဲ့ပါတယ်။ ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဗီနီရှပ်စ်တစ်ယောက် လူမျိုးရေးခွဲခြားခံခဲ့ရတဲ့နောက် စပိန် ဘောလုံးလောကမှာ ဂယက်တွေ တော်တော်လေး ကြီးမားနေပါတယ်။
ကစားသမားဘက်ကတော့ ဒီဖြစ်ရပ်အတွက် တော်တော်လေး စိတ်ပျက်နေပြီး အသင်းက ထွက်ဖို့အထိ စဥ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီကတော့ ဗီနီရှပ်စ်တစ်ယောက် ရီးရဲလ်မက်ဒရစ်ကို ချစ်မြတ်နိုးကြောင်း၊ ရီးရဲလ်မက်ဒရစ်ဆီကတင်မကဘဲ ပြိုင်ဘက်တွေဆီကပါ အားပေးထောက်ခံမှုတွေရရှိနေတာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လာလီဂါပွဲစဥ်တွေနဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက “ရှုတ်ချနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ဒါက စပိန်လာလီဂါမှာ ကာလရှည်ဖြစ်ပျက်ခဲ့တဲ့အရာကြီးပါ။ ဒါပေမယ့် ဒီလူမျိုးရေးခွဲခြားတဲ့ပြဿနာကို ဖြေရှင်းဖို့ ဘာအရေးယူမှုမှမရှိပါဘူး။ အင်္ဂလန်မှာဆိုရင် ခင်ဗျားကို ပရိသတ်တွေက ဘယ်တော့မှ မစော်ကားပါဘူး။ သူတို့က ဥရောပပြိုင်ပွဲတွေကနေ အပယ်ခံရပြီးကတည်းက ဒီပြဿနာတွေကို ကိုင်တွယ်ခဲ့တာပါ”
“အင်္ဂလန်က ဘောလုံးကွင်းတွေမှာဆိုရင် ဘာရဲမှမရှိပါဘူး။ ဒီမှာကတော့ နေရာတကာမှာ ရဲကားတွေနဲ့ ခင်ဗျား စစ်မြေပြင်ကို သွားနေရသလိုပါပဲ။ အင်္ဂလန်မှာဆိုရင် ပြင်းထန်တဲ့အရေးယူမှုတွေ ပြုလုပ်ပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကတော့ စပိန်လာလီဂါရဲ့ ဒိုင်လူကြီးစနစ်ကို သေချာပေါက် ပြောင်းလဲရမယ်လို့ ပြောကြားထားပါတယ်။
လက်ရှိအချိန်မှာတော့ ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မက်စ်တဲလားကွင်းကို (၅) ပွဲ ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချမှတ်ခဲ့သလို ဗီနီရှပ်စ်ရဲ့ ဗလင်စီယာနဲ့ပွဲက အနီကတ်ကိုလည်း ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။