အားပေးစကားနဲ့ သူ့လက်မှတ်ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီဖြစ်ပါတယ်။

စပိန်နိုင်ငံ၊ La Palma မီးတောင်ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို ကူညီဖို့အတွက် ရော်နယ်ဒိုဟာ သူ့ရဲ့ ကျောနံပါတ် ၇ ပေါ်တူဂီဂျာစီကို လေလံတင်ဖို့အတွက် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ အဆောက်အဦပေါင်း ၃ ထောင်ကျော်နဲ့ လူပေါင်း ၇၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတဲ့ Canary ကျွန်းက မီးတောင်ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 



ရော်နယ်ဒိုက ပေါ်တူဂီအသင်းအိမ်ကွင်းဂျာစီမှာ သူ့ရဲ့လက်မှတ်ရေးထိုးထားပြီး ကျွန်းသားတွေအတွက် အားပေးတဲ့ စကားတွေလည်း ရေးသားထားတာဖြစ်ပါတယ်။ "သာယာလှပတဲ့ ကျွန်းအတွက် ကျွန်တော်တတ်နိုင်သလောက် ပံ့ပိုးပေးသွားမှာပါ၊ မီးတောင်ပေါက်ကွဲမှုက ကျွန်းနဲ့တောင်မှ မလိုက်ပါဘူး" လို့ ပေါ်တူဂီတိုက်စစ်မှူးက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်စူပါစတားရဲ့ ဂျာစီလေလံပွဲကို ခရစ္စမတ်ပွဲတော်အကြိုနေ့မှာ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာတော့ ပြီးဆုံးမှာဖြစ်ပါတယ်။ ရရှိငွေအားလုံးကို ဘေးဒဏ်ခံစားရသူတွေဆီ တိုက်ရိုက်လွှဲပြောင်းပေးသွားမှာဖစ်တယလို့လည်း စပိန်သတင်းစာ Cadena SER က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်ကပ်ရောဂါစတင်ချိန်ကလည်း ပေါ်တူဂီက ဆေးရုံတွေအတွက် ပေါင် ၈ သိန်းခွဲအထိ လှူဒါန်းထားခဲ့သူဖြစ်ပါတယ်။ 

La Palma ကျွန်းပေါ်မှာ ပေါက်ကွဲခဲ့တဲ့ Cumbre Vieja ပေါက်ကွဲမှုဟာ အဆိုပါဒေသမှ တွေ့ခဲ့ဖူးသမျှထဲ အရှည်ကြာဆုံးမီးတောင်ပေါက်ကွဲမှုလည်းဖြစ်လာခဲ့ပါတယ်။ မကြာသေးမီကရရှိထားတဲ့ သတင်းတွေအရတော့ ပေါက်ကွဲမှုက ရပ်တန့်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ကျွန်းကို အမှီသဟဲပြုနေထိုင်သူတွေကတော့ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ကာ ရော်နယ်ဒိုက တဖက်တလမ်းက ကူညီပေးသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က