ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္တဝင်ဟောင်း ရွန်းနီက စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုဖိုင်နယ်ပွဲမှာ အင်္ဂလန်အတွက် မိုင်နူးက ဂိုးသွင်းနိုင်မှာဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီပွဲကို ဒီနေ့ညမှာ ကစားသွားမှာဖြစ်ပြီး အင်္ဂလန်အတွက် မိုင်နူးက သေချာပေါက် ပွဲထွက်ခွင့်ရဖို့ ရှိပါတယ်။
ရွန်းနီကတော့ “ကျနော့်မှာ မိုင်နူးနဲ့ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ ခံစားချက်ရှိပါတယ်။ မိုင်နူးက ယူရိုဖိုင်နယ်မှာ ဂိုးသွင်းပြီး အဆုံးအဖြတ် လုပ်ပေးပါလိမ့်မယ်။ သူက ဒီယူရိုမှာ။ ပုံစံကောင်းပြနေတဲ့ ကစားသမားပါ။ စပိန်က သူတို့ရဲ့ အိမ်စာကို အကောင်းဆုံး လုပ်လာပါလိမ့်မယ်”
“ဟယ်ရီကိန်း၊ ဖိုဒန်၊ ဆာကာနဲ့ ဘယ်လင်ဟမ်တို့ရဲ့ နေရာလွတ်တွေကို စပိန်က ပိတ်ထားမှာပါ။ ဒါပေမယ့် နောက်ကတက်လာမယ့် ကွင်းလယ် ကစားသမားအတွက်တော့ နေရာလွတ်ဖြစ်နေမှာပဲ။ မိုင်နူးက ဒါကို အခွင့်ကောင်းယူနိုင်မယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မိုင်နူးဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလားဖိုင်နယ်မှာလည်း ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သေးတာပါ။ ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလန်ကွင်းလယ်မှာ အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ယူရိုချန်ပီယံဆုဆွတ်ခူးဖို့အတွက်လည်း လက်တစ်ကမ်းအလိုကို ရောက်ရှိနေပါပြီ။