ဂျပန်ရဲ့ အုပ်စုပွဲစဉ်ရလဒ်တွေကတော့ တကယ်ကို အံ့အားသင့်စရာပါပဲ။

ဂျပန်ကတော့ အားလုံးကို အံ့အားသင့်အောင် နောက်ထပ်တကြိမ်ထပ်လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးက ပရိသတ်တွေကို တော်တော်လေးနားလည်ရခက်စေခဲ့တာဖြစ်ပါတယ်။ အဖွင့်ပွဲမှာ နာမည်ကြီးဂျာမနီကို နောက်ကလိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ ဂျပန်က အုပ်စုဒုတိယပွဲမှာတော့ ကော်စတာရီကာကို အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့လို့ အားလုံးပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာ စပိန်နဲ့ကစားရမှာဖြစ်ပြီး စပိန်က ခြေစွမ်းပြသနေတဲ့အသင်းဖြစ်ပါတယ်။ ဂျပန်အတွက် တော်တော်လေးမလွယ်ကူတဲ့ အနေအထားဖြစ်သလို သရေတောင်မှကျလို့မရပါဘူး။ ဒါပေမယ့် တကယ်ကစားချိန်မှာတော့ ဂျပန်က စပိန်ကို ပရီသတ်တွေ လုံး၀မထင်မှတ်ထားတဲ့ အခြေအနေကနေ အနိုင်ကစားသွားခဲ့တာဖြစ်ပါတယ်။ 

စပိန်အတွက် မိုရာတာက အနိုင်ဂိုးသွင်းထားသလို တဖက်မှာလည်း ဂျာမနီက ကော်စတာရီကာကို အနိုင်ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းပြန်စချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။ ဂျပန်က ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အတွင်းမှာပဲ  ချေပဂိုးရော၊ အနိုင်ဂိုးပါ သွင်းယူသွားခဲ့ပါတယ်။ ဂျပန်ရဲ့ အနိုင်ဂိုးမှာတော့ ဘောလုံးစည်းကျော်/မကျော် အငြင်းပွားရှိခဲ့ပေမယ့် VAR ကတော့ ဂိုးပေးခဲ့ပါတယ်။ 

ဂျာမနီကလည်း ကော်စတာရီကာနဲ့ ၂ ဂိုးစီသရေဖြစ်နေခဲ့တဲ့နောက် အနိုင်ရဖို့ အသားကုန်ကစားနေခဲ့ရတာပါ။ ပွဲပြီးခါနီးမှာ ဂျာမနီက ၂ ဂိုးဆက်တိုက်ရသွားပြီး ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဂျာမနီတို့ ကံဆိုးတာကတော့ စပိန်နဲ့ ဂိုးကွာခြားချက်မှာ မယှဉ်နိုင်တာမို့ အုပ်စုတတိယသာရရှိခဲ့ပြီး အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဂျပန်ကတော့ အင်အားကြီနှစ်သင်းပါတဲ့ အုပ်စုမှာ အုပ်စုပထမနေရာကို ရယူသွားခဲ့ပါတယ်။ 

စပိန် နဲ့ ဂျပန်ပွဲမှာ စပိန်က ပွဲကိုလိုသလိုကစားသွားမယ်လို့ အားလုံးက ထင်မှတ်ခဲ့ပြီး ဂျပန်နဲ့ ဂျာမနီတိ့ အုပ်စုဒုတိယနေရာအတွက် ပြိုင်ရမယ်ထင်ခဲ့တာပါ။ တကယ်တမ်းမှာတော့ ဂျပန်ရဲ့ အံ့ဖွယ်စွမ်းဆောင်ရည်ကြောင့် စပိန်တို့တောင် ကံကောင်းလို့ အုပ်စုကမပြုတ်ခဲ့တာဖြစ်ပြီး ကော်စတာရီကာကိုသာ သူတို့ ၇ လုံးမသွင်းထားရင် ငိုရမယ့်အသင်းက ဂျာမနီအစား စပိန်ဖြစ်နေမှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က