မန်စီးတီးတို့ သရေရလဒ်ကြောင့် ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။

ဆီမြွန်နီက သူပြောထားတဲ့အတိုင်းပဲ ခံစစ်ကို စနစ်တကျပြင်ဆင်လာခဲ့ပြီး ဂိုးရဖို့လိုနေတဲ့အတွက် တိုက်စစ်ဆင်ဖို့ကိုလည်း ကြိုးစားခဲ့ပါတယ်။ ပထမအကျော့က ဗာဆယ်လ်ကိုနေရာမှာ သောမတ်စ်လီမာကို ထည့်ပြီး ၃-၅-၂ ပုံစံနဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲမရှိခဲ့ဘဲ တိုက်စစ်မှာလည်း ဂရစ်ဇ်မန်းနဲ့ ယာအိုဖီးလစ်တို့ပဲ ပွဲထွက်ခဲ့ပါတယ်။



မန်စီးတီးကလည်း ပွဲပယ်ပြစ်ဒဏ်ကလွတ်လာတဲ့ ဝေါ်လ်ကာ နောက်တန်းမှာ ပြန်ပါလာခဲ့ပြီး ပထမအကျော့က စတာလင်နေရာမှာ ဖိုဒန်ပွဲထွက်ခဲ့ပါတယ်။ အက်သလက်တီကိုက ခံစစ်ချည်းသပ်သပ်ထိုင်ဖို့ မဟုတ်ဘဲ ပွဲစတာနဲ့ ရသလို တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တာကြောင့် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တီကို တိုက်စစ်က ဂရစ်ဇ်မန်း၊ ယာအိုဖီးလစ်တို့ ပိုင်ပိုင်နိုင်နိုင်အခွင့်အရေးတွေမရရှိခဲ့ပါဘူး။ မန်စီးတီးကလည်း ဂွန်ဒိုဂန်ရဲ့ ကန်ချက်တကြိမ် တိုင်ထိထွက်ခဲ့တဲ့အချိန်မှာပဲ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ ကျန်ပွဲကစားချိန်တွေမှာတော့ အက်သလက်တီကိုကလည်း ခံစစ်ကို သေချာအာရုံစိုက်ခဲ့တာကြောင့် နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ သိပ်မရှိခဲ့ပါဘူး။  

ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ အက်သလက်တီကိုရဲ့ ခပ်ကြမ်းကြမ်းကစားပုံပါပဲ။ အိမ်ရှင်အားကို အသာစီးယူပြီး အဝင်အထွက်တွေကြမ်းခဲ့သလို အထူးသဖြင့် ဖိုဒန်ကိုရည်ရွယ်ပြီး ဆွကစားတာမျိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ စိတ်ရှိသလောက် ကစားကွက်ဖော်တဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မဖြစ်မနေ ဂိုးလိုအပ်နေတဲ့ အက်သလက်တီကိုတို့ ဖိကစားလာခဲ့ပြီး လိုဒီ၊ လော်ရန်တေးတို့ရဲ့ တောင်ပံတွေကနေ မန်စီးတီးခံစစ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဂရစ်ဇ်မန်းရဲ့ ကန်ချက်တကြိမ် ဂိုးဘေးကပ်ထွက်ခဲ့တာက အက်သလက်တီကိုအတွက် နစ်နာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂွါဒီယိုလာက ဒီဘရိုင်းကို ထုတ်ပြီး စတာလင်နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

အက်သလက်တီကိုကလည်း ဒီပေါလ်၊ ကော်ရီယာ၊ ကာရက်စ်ကိုတို့ကို ထည့်သွင်း တိုက်စစ်မြှင့်ခဲ့ပါတယ်။ မန်စီးတီးခံစစ်က အက်သလက်တီကိုတိုက်စစ်ကို အသည်းအသန် ထိန်းချုပ်ရတဲ့အချိန်တွေရှိခဲ့ပေမယ့် ဂိုးရလောက်တဲ့ အပိုင်အခွင့်အရေးမျိုးကိုတော့ အက်သလက်တီကိုတို့ မရရှိခဲ့ပါဘူး။

အက်သလက်တီကိုကတော့ ဂိုးရဖို့ ကြိုးစားရုန်းကန်ရင်းနဲ့ပဲ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နှစ်သင်းကြား ရန်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဖိုဒန်ကို ကစားပုံကြမ်းတမ်းခဲ့တဲ့ ဖိလစ်ပီ အထုတ်ခံခဲ့ရပါတယ်။



ဆွာရက်ဇ်ရဲ့ နောက်ဆုံးမိနစ်ကန်ချက်ကို အီဒါဆန် ကာကွယ်နိုင်ခဲ့တာကလည်း အက်သလက်တီကိုအတွက် ကံဆိုးခဲ့ရပါတယ်။ ဒီပွဲဂိုးမရှိသရေရလဒ်ကြောင့် မန်စီးတီက နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး နောက်ထပ် မက်ဒရစ်မြို့ခံအသင်းတသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က