မာရက်ဇ်ဦးဆောင်တဲ့ လက်ရှိချန်ပီယံအသင်း အိမ်ပြန်စောဖွယ်ရှိနေပါတယ်။

အာဖရိကဖလားပြိုင်ပွဲတလျှောက် အံ့အားအသင့်ရဆုံးပွဲတပွဲအဖြစ် လက်ရှိချန်ပီယံအယ်လ်ဂျီးရီးယားဟာ ဂွီနီယာကို ၁-၀ နဲ့ မနေ့က အရေးနိမ့်သွားခဲ့ပါတယ်။ ချန်ပီယံဆုကို ကာကွယ်ရမယ့် အသင်းဟာ အုပ်စုအဆင့်က ထွက်ရမယ့်အရေးနဲ့တောင် ရင်ဆိုင်နေရပြီဖြစ်ပြီး စပိန်ရဲ့ ဆီဂန်ဒါ-၅ မှာ ကစားနေတဲ့ ခံစစ်ကစားသမားတဦးက ဂွီနီယာအတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၇၀ မှာ ဂွီနီယာနောက်ခံလူ အိုဘီယန်က ထောင့်ကန်ဘောကတဆင့်ရရှိတဲ့ အခွင့်အရေးကို အသုံးချသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ လေးနှစ်ကြာရှုံးပွဲမရှိစံချိန်တင်ထားတဲ့ အယ်လ်ဂျီးရီးယားကို ကင်မရွန်းမြေကနေ အစောကြီးထွက်သွားစေဖို့အတွက်ပါ တုန်လှုပ်ချောက်ချားစေခဲ့ပြီဖြစ်ပြီး ပွဲအပြီးမှာတော့ ပရိသတ်တွေပါ ခေါင်းငိုက်စိုက်ကျကာ ကွင်းအတွင်း မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 


မာရက်ဇ်၊ ဖီဂွယ်လီ၊ ဘီလိုင်လီ၊ ဘန်နာဆာတို့လို နာမည်ကျော်ကစားသမားတွေပါဝင်တဲ့ အယ်လ်ဂျီးရီးယားဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့တော့ပါဘူး။ လက်ရှိမှာ အုပ်စုပွဲ ၂ ပွဲကစားအပြီး ရမှတ်တမှတ်သာ ရရှိထားကာ နောက်ဆုံးပွဲကလည်း ၄ မှတ်ရရှိထားတဲ့ အိုင်ဗရီကို့စ်နဲ့ကစားရမှာဖြစ်လို့ တော်တော်လေး ခက်ခက်ခဲခဲကျော်ဖြတ်ရမယ့် အနေအထားမှာရှိနေပြီဖြစ်ပါတယ်။ 

အိုင်ဗရီကို့စ်ကလည်း ဆီရီယာလီယွန်ကို ပွဲပြီးခါနီးမှ ချေပဂိုးပေးခဲ့ရလို့ နစ်နာခဲ့ပြီး နောက်ဆုံးပွဲကို အနည်းဆုံးသရေကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ လက်ရှိချန်ပီယံအယ်လ်ဂျီးရီးယားအတွက် အိုင်ဗရီကို့စ်ရဲ့ သရေရလဒ်ကလည်း ပိုပြီးတော့ အကျပ်ရိုက်သွားစေခဲ့ကာ ပြိုင်ဘက်ကလည်း အရှုံးခံလို့မရတာကြောင့် သူတို့အတွက်တော့ ဖောင်ဖျက်တိုက်ပွဲဝင်ရတော့မယ့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က