ဆီမီးဖိုင်နယ်ပွဲအဖြစ် ဆော်ဒီမှာ ဒီနေ့ကစားတော့မှာပါ။

ဆော်ဒီမှာ ကစားရတော့မယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို နာကျင်မှုတွေပေးမယ်လို့ ဘာစီလိုနာနောက်ခံလူပီကေးက ပြောဆိုလိုက်ပါတယ်။ ပြိုင်ဘက်က အရမ်းကောင်းမွန်နေတဲ့ အသင်းဖြစ်ပေမယ့်လည်း ဘာစီလိုနာကလည်း တိုးတက်လာပြီဖြစ်လို့ အနိုင်ကစားနိုင်မယ်လို့ စပိန်နောက်ခံလူက ယုံကြည်နေတာလည်းဖြစ်ပါတယ်။ 

သူတို့အသင်းအနေနဲ့ ဒီရာသီလာလီဂါအစောပိုင်းမှာ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ပေမယ့် အခုတော့ ကွာခြားမှုတွေရှိသွားပြီလို့လည်း ပီကေးက သတိပေးခဲ့ပါတယ်။ ဇာဗီလက်ထက်မှာတော့ ဘာစီလိုနာဟာ ရုန်းကန်နေရဆဲဖြစ်ပြီး အသင်းကို အသစ်တဖန်ပြန်လည်တည်ဆောက်ကာ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစာသမားတွေကို မျှတအသုံးပြုနေပြီး တဖက်မှာတော့ ရီးရဲလ်က တော်တော်လေးခြေစွမ်းပြနေတာဖြစ်ပါတယ်။ 


လာလီဂါမှာ ရီးရဲလ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ငါးရက်အကြာမှာ ဘာကာက နည်းပြကိုးမန်းကို ထုတ်ပယ်ပြီး ဇာဗီကို အစားထိုးခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ "ဒါက ဆုဖလားတလုံးပါပဲ၊ ကျနော်တို့အားလုံး ညီတူညီမျှနဲ့ တိုက်ပွဲဝင်သွားမှာပါ၊ ဒါကို အရင်တုန်းကလည်း ပြသခဲ့ပြီးပါပြီ၊ ဆုဖလားကိုင်မြှောက်ဖို့အတွက် အားလုံးလည်း အဆုံးစွန်ထိ စိတ်အားတက်ကြွနေပြီး ဒါက ဆီမီးဖိုင်နယ်၊ အယ်လ်ကလက်စီကိုပါ၊ ဒါကြောင့် ခက်ခဲမှုတော့ရှိမှာပါ"


"ဒါပေမယ့် ဒီကို အချိန်အခါကောင်းမှာ ရောက်လာခဲ့တာပါ၊ ကျနော်တို့တိုးတက်နေပါပြီ၊ ကောင်းကောင်းကစားနိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်မယ်လို့ အကောင်းမြင်ထားပါတယ်၊ သူတို့ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ခရူးစ်နဲ့ မိုဒရစ်တို့က တဦးနဲ့တဦး နားလည်မှုပြည့်၀နေပြီး ပြီးခဲ့တဲ့နှစ်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ ဘန်ဇီမာနဲ့ ဗင်နီရှပ်ကလည်း တော်တော်လေးခြေစွမ်းပြနေပြီး ဂိုးတွေအများကြီးသွင်းထားပါတယ်"


"ခံစစ်လည်းကောင်းမွန်နေပြီး ဗင်နီရှပ် ဒါမှမဟုတ် ကွင်းလယ်လူတွေရဲ့ အကူးအပြောင်းတွေပေါ် အခြေခံကစားနေပြီး ဘန်ဇီမာ ဘောလုံးရဖို့အတွက် အားထုတ်နေကြတာပါ၊ သူတို့ခြေစွမ်းကကောင်းမွန်နေပေမယ့် သူတို့ကို ထိခိုက်နာကျင်စေဖို့ ကျနော်တို့လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်" လို့ ပီကေးက ပြောဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က