စပိန်လာလီဂါရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟာဗီယာတီဘက်စ်က လာလီဂါနဲ့ စပိန်နိုင်ငံက ဗီနီရှပ်စ်ဂျူနီယာပြောသလိုမျိုး လူမျိုးရေးခွဲခြားသူတွေ မဟုတ်ကြောင်း ထပ်မံ တုံ့ပြန်လာခဲ့ပါတယ်။ ဗီနီရှပ်စ်ဟာ ဗလင်စီယာကို အရေးနိမ့်ခဲ့တဲ့ လာလီဂါအဝေးကွင်းပွဲစဥ်မှာ ပွဲမစခင်ကတည်းက အိမ်ရှင်ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။
ဗလင်စီယာပရိသတ်တွေဟာ ဗီနီရှပ်စ်ကို မျောက်အဖြစ်လည်း လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဗီနီရှပ်စ်က ပွဲကို ရပ်တန့်ဖို့ ဒိုင်လူကြီးကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မိနစ် (၉၀) မှာလည်း ဗီနီရှပ်စ်က ပြိုင်ဘက်ကစားသမားနဲ့ ပြဿနာတက်ခဲ့တာကြောင့် သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံး အနီကတ်ကို ပြသခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဗီနီရှပ်စ်က စပိန်နိုင်ငံကိုရော၊ လာလီဂါကိုပါ လူမျိုးရေးခွဲခြားသူတွေအဖြစ် ဝေဖန်ခဲ့ပြီး ဘရာဇီးသမ္မတကိုယ်တိုင်ကလည်း လက်ရှိကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဗီနီရှပ်စ်နဲ့ ပတ်သက်လို့ တိုက်ရိုက်တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရှိရပါတယ်။ လာလီဂါဥက္ကဌ တီဘက်စ်ကတော့ ဗီနီရှပ်စ်ကို ဒီပြဿနာတွေဖြေရှင်းပေးဖို့ အရင်ကလည်း နှစ်ကြိမ်တိုင်တိုင် ချိန်းဆိုခဲ့ပေမယ့် မရောက်လာခဲ့ကြောင်း ပြစ်တင်ခဲ့ပါတယ်။
ဒါ့အပြင် ထပ်မံပြီးတော့လည်း တီဘက်စ်က “စပိန်ရော၊ လာလီဂါရောက လူမျိုးရေးခွဲခြားသူတွေ မဟုတ်ပါဘူး။ ဒီလိုမျိုးတွေ လာပြောနေတာက မတရားပါဘူး။ လာလီဂါအနေနဲ့ လူမျိုးရေးခွဲခြားမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီရာသီမှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်လို့ တိုင်စာ (၉) ကြိမ် ရောက်လာပါတယ်။ (၈ ကြိမ်က ဗီနီရှပ်စ်အပေါ် ကျူးလွန်မှုတွေဖြစ်)”
“ဒါတွေအကုန်လုံးကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူမှာပါ” လို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကတော့ ဗီနီရှပ်စ်နဲ့ ပတ်သက်လို့ အပြည့်အဝ ကာကွယ်ပေးသွားမှာဖြစ်ပြီး လုံလောက်တဲ့ ကာကွယ်မှုရရှိဖို့ တရားရုံးအဆင့်ဆင့်တက်ပြီး တရားစွဲဆိုသွားဖို့ ပြင်ဆင်ထားကြောင်း ကစားသမားကို အသိပေးထားပါတယ်။