စပိန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်ထက် ပိုများလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အီတလီပြီးပါက သေဆုံးမှုအများဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။
(Photo: EPA)
စပိန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ နောက်ထပ် ၇၃၈ ဦးတိုးလာပြီး မတ်လ ၂၅ ရက်နေ့အထိ သေဆုံးသူအရေအတွက် စုစုပေါင်း ၃,၄၃၄ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ မတ်လ ၂၅ ရက်အထိ COVID-19 ကြောင့် သေဆုံးမှုအများဆုံးဟာ အီတလီနိုင်ငံမှာဖြစ်ပြီး ၆,၈၂၀ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးအခြေအနေ ဖြစ်နေပါတယ်။
ယမန်နှစ် ဒီဇင်လဘာလကုန်က ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာတော့ မတ်လ ၂၅ ရက်နေ့အထိ ၃,၂၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာတာကြောင့် စပိန်ဝန်ကြီးချုပ်က နိုင်ငံမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားမှုကာလကို နောက်ထပ် သီတင်းနှစ်ပတ်ကြာ တိုးချဲ့သတ်မှတ်ရန် လွှတ်တော်ကို အဆိုပြုထားတယ်လို့ ဆိုပါတယ်။
(Infograpihc: Daily Mail)
စပိန်လွှတ်တော်အမတ်တွေကလည်း ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ရဲ့ အဆိုပြုမှုကို သဘောတူညီပြီး လာမယ့် ဧပြီ ၁၁ ရက်နေ့အထိ အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ခန့်မှန်းရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာထားမှုအရ အများပြည်သူကို မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများနဲ့ ဆေးဝါးများဝယ်ယူရန်ကလွဲပြီး နေအိမ်ပြင်ပထွက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။
မတ်လ ၂၅ ရက်အထိ စပိန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၇,၆၁၀ ဦးရှိပြီး ၃,၇၉၄ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၃,၂၅၂ ဦးနဲ့ သေဆုံးသူ ၁၉,၃၆၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၁၁,၈၉၅ ဦးဖြစ်ကြောင်း သိရပါတယ်။