မာယော့ကာအလယ်ပိုင်း အင်ကာမြို့ ကောင်းကင်ယံမှာ တိုက်မိခဲ့ကြပါတယ်။

စပိန်နိုင်ငံ မာယော့ကာကျွန်း ကောင်းကင်ယံမှာ ရတ်ဟတ်ယာဉ်တစ်စီးနဲ့ အပေါ့စား လေယာဉ်ငယ်တစ်စီး တိုက်မိခဲ့မှုအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Incendios f.Baleares)

သြဂုတ် ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်မှာ မာယော့ကာအလယ်ပိုင်း အင်ကာမြို့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်နဲ့ လေယာဉ်ငယ်တို့ တိုက်မိခဲ့ကြကြောင်း ဒေသဆိုင်ရာ Balearic ကျွန်းစု အစိုးရက Twitter အကောင့်မှာ ရေးသားထားပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူ ငါးဦးနဲ့ အပေါ့စား လေယာဉ်ပေါ်မှ နှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။


ရဟတ်ယာဉ်ပေါ်မှာ စုံတွဲတစ်တွဲနဲ့ ၎င်းတို့ရဲ့ ကလေးနှစ်ဦး၊ ရဟတ်ယာဉ်မောင်းနှင်သူတို့ လိုက်ပါလာခဲ့ကြတယ်လို့ ဒေသဆိုင်ရာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောပါတယ်။ ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တဲ့ လေယာဉ်ဟာ လူနှစ်ဦးသာ လိုက်ပါနိုင်တဲ့ အပေါ့စား လေယာဉ်ငယ်ဖြစ်ပါတယ်။

(Photo: AFP)

ရဟတ်ယာဉ်ဟာ ဂျာမနီမှာ မှတ်ပုံတင်ထားတာဖြစ်ပြီး လိုက်ပါလာသူတွေ မည်သည့်နိုင်ငံသားဖြစ်ကြောင်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ယခု မတော်တဆမှုဖြစ်ပွားခဲ့ရာ မာယော့ကာနဲ့ အခြား Balearic ကျွန်းတွေဟာ စပိန်နဲ့ နိုင်ငံရပ်ခြားမှ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားပြီး အထူးသဖြင့် နွေရာသီမှာ လာရောက်မှုများပြားကြောင်း သိရပါတယ်။

(Photo: EuroNews)

ရဟတ်ယာဉ်နဲ့လေယာဉ် တိုက်မိခဲ့ပြီးနောက် ကွင်းပြင်တစ်ခုထဲကို ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ဒေသဆိုင်ရာ မီးသတ်ဌာနမှ ဓာတ်ပုံတွေမှာတော့ အပျက်အစီးတွေကို အင်ကာမြို့ထဲမှာလည်း တွေ့ခဲ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်က မတော်တဆမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။


Share

Loading Next Article...
က္က