ပေးလာတဲ့ ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်ရမှာပဲလေ

ဝါဝါအောင်ရဲ့ စပွန်ဆာမမကြီး ကာရိုက်တာအပေါ် ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်က သုံးသပ်ပြောပြလာပါတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ ပေးလာတဲ့ ကာရိုက်တာကို အပီအပြင် သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

Photo: Middle Man



အောင်ခိုင်ကတော့ စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးထဲက ဇနီးဖြစ်သူ ဝါဝါအောင်ရဲ့ ကာရိုက်တာအပေါ် နားလည်မှု အပြည့်အဝပေးထားတယ်လို့ဆိုပါတယ်။ ပိုစတာထဲက ပုံကလည်း ခံစားနေစရာမလိုဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြထားပါတယ်။

‘’ဘာမှ ခံစားရစရာအကြောင်းလည်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဦးအောင်ခိုင်လည်း တချို့ဇာတ်ကားတွေမှာ နိုင်ငံကျော် မင်းသမီးတွေကို မဟုတ်ကဟုတ်က လုပ်ရတာတွေပါတာပဲ။ ဒါလည်း အန်တီဝါက ကြည့်တာပဲ ဘာမှမဖြစ်ဘူးလေ။ ဦးအောင်ခိုင်တို့က သရုပ်ဆောင်တွေ၊ ပြီးတော့ အနုပညာလောကက အသိအမှတ်ပြုခံထားရတဲ့ အကယ်ဒမီ သရုပ်ဆောင် စုံတွဲ။ ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ရမှာ ဦးအောင်ခိုင်တို့၊ အန်တီဝါ တို့ရဲ့ တာဝန်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က ပတ္တမြား FM ၁၀နှစ်ပြည့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Middle Man

ဇာတ်ကား နမူနာ ထွက်ပြီးနောက်မှာတော့ ဝါဝါအောင်ရဲ့ ဇာတ်ဝင်ခန်းတွေအပေါ် ပရိသတ်စိတ်ဝင်စားမှု များခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဦးအောင်ခိုင်က ဇနီးချောရဲ့ ကာရိုက်တာကို အပြည့်အဝ အားပေးမယ်လို့ဆိုပါတယ်။

‘’ ဦးအောင်ခိုင်က ဖေ့စ်ဘွတ် သိပ်မသုံးဘူး။ ထွေလာလည်း မကြည့်ရသေးဘူး။ အခုက လူပြောများနေလို့ ငုတ်တုတ်ထိုင်ပြီးတော့ကို သွားကြည့်ဦးမှာ။ ဇာတ်ညွှန်းလာပို့ကတည်းက ကာရိုက်တာကိုသိတာ။ ကိုယ့်ကို လာကမ်းလှမ်းလာတာလေ အန်တီဝါ အပြင်မှာ စပွန်ဆာပေးရအောင်လို့လည်း ဦးအောင်ခိုင်တို့က ချမ်းသာတာလည်း မဟုတ်။ စပွန်ဆာ မမကြီးကာရိုက်တာဆိုလည်း ရိုက်ပေါ့’’ လု့ိ သူကဆိုပါတယ်။

Photo: Middle Man

ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူမဟာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ ကိုလူချောအဖွဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်၊ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် တစ်ယောက်အဖြစ်ဆောင်ရွက်နေတဲ့ အောင်ခိုင်ရဲ့ ဇနီးချောဖြစ်ပါတယ်။

Photo: Middle Man

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က