ရော်နယ်ဒိုဟာ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ ဟိုဆေးဆယ်မီဒိုကို အယ်လ်နာဆာမှာ အလုပ်ရအောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဟိုဆေးဆယ်မီဒိုကတော့ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘ၀ကနေ အနားယူထားခဲ့သူဖြစ်ကာ အလုပ်အကိုင် ခက်ခဲနေတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ စပို့တင်းအကယ်ဒမီမှာ အတူတူ ကစားခဲ့ကြဖူးပြီး အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေအဖြစ် ရှိခဲ့ကြပါတယ်။ ရော်နယ်ဒိုက စပို့တင်းလစ္စဘွန်းမှာ အောင်မြင်စပြုတဲ့အချိန် ဆယ်မီဒိုကတော့ ရုန်းကန်နေခဲ့ရပြီး အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းဖို့တောင် လုပ်ခဲ့ဖူးပါတယ်။
အဲဒီအချိန်တုန်းကလည်း ရော်နယ်ဒိုက သူ့သူငယ်ချင်းကို သူ့အခန်းထဲမှာ နေထိုင်ဖို့၊ ပစ္စည်းတွေကို မျှသုံးမယ်လို့ ပြောဆိုခဲ့ပြီး အသင်းကနေ မင်းထွက်ရင် ငါလည်းထွက်မယ်ဆိုပြီး ပြောတဲ့အထိ အားပေးခဲ့ဖူးတယ်လို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က Times နဲ့ အင်တာဗျူးမှာ ဆယ်မီဒိုက ဖွင့်ဟဖူးပါတယ်။
ဆယ်မီဒိုဟာ ကယ်ဂလီယာရီ၊ ချာလ်တန်၊ ရှက်ဖီးဝမ့်စ်ဒေး အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူပါ။ အခု ရော်နယ်ဒိုရဲ့ ကူညီပေးမှုနဲ့အတူ သူက အယ်လ်နာဆာမှာ Scout Department ဒါမှမဟုတ် အားကစားဒါရိုက်တာဆိုတဲ့ ရာထူးမျိုးနဲ့ လုပ်ကိုင်ရလိမ့်မယ်လို့ ပေါ်တူဂီသတင်းစာ Record က ဖော်ပြခဲ့ပါတယ်။
ဆယ်မီဒိုအတွက်တော့ ရော်နယ်ဒိုနဲ့ သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာ တော်တော်လေးကံကောင်းတယ်လို့ ပြောရပါလိမ့်မယ်။ အကယ်ဒမီမှာကတည်းက သူ့အပေါ် ရော်နယ်ဒိုက ဖေးမပေးခဲ့သလို အခုအခါမှာလည်း အလုပ်အကိုင်တခု ရရှိအောင် ကူညီပေးခဲ့ပြန်ပါတယ်။ ၂၀၂၁ အတွင်းကလည်း ဆယ်မီဒိုရဲ့ ဇနီးသည် ကွယ်လွန်ခဲ့ချိန်မှာ ရော်နယ်ဒိုက သတင်းကြားကြားချင်း ဖုန်းဆက်ကာ အားပေးနှစ်သိမ့်မှတွေ လုပ်ပေးခဲ့ပါသေးတယ်။