ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ရယူဖို့အခြေအနေကောင်းတဲ့ အာဆင်နယ်ကတော့ ယူရိုပါလိဂ်မှာ မထင်မှတ်ဘဲ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ပြီး ထွက်ခဲ့ရပါပြီ။ ပထမအကျော့က လစ္စဘွန်းမှာ ၂ဂိုးစီသရေကျခဲ့ပြီး အိမ်ကွင်းမှာ ပြန်ကစားရလို့ အာဆင်နယ်တို့ အခြေအနေကောင်းတခုကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ထင်မှတ်မထားဘဲ အခုလိုမျိုး ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ရှာခါက ၁၉ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့လို့ ဒီပွဲက သူတို့အတွက် ပိုလွယ်ခဲ့ပြီလို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၆၂ မိနစ်မှာ စပို့တင်းအတွက် ပက်ဒရိုက ချေပဂိုးပြန်သွင်းသွားခဲ့ပြီး စပို့တင်းကို အသက်ဆက်ပေးသွားခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် အချိန်ပိုအထိ ကစားခဲ့ရပြီး အာဆင်နယ်တို့ အိမ်ကွင်းမှာ အနိုင်မရခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိပါ ရောက်ခဲ့ရပါတယ်။
အာဆင်နယ်တို့ တပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းချက် ၇ ကြိမ်သာရခဲ့ပြီး ၆ ကြိမ်အထိ ဂိုးပေါက်တည့်ပေမယ့်လည်း သွင်းဂိုး ၁ ဂိုးတည်းသာရခဲ့တာပါ။ စပို့တင်းကတော့ ကန်သွင်းချက် ၁၂ ကြိမ်မှာ ၂ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး အဖိုးတန်သွင်းဂိုးတဂိုးကို ရယူနိုင်ခဲ့လို့ အမ်းမရိတ်စ်မှာ အိမ်ရှင်ကို မျက်ဖြူစိုက်အောင်ပါ လုပ်နိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ အာဆင်နယ်အတွက် မာတင်နယ်လီကန်သွင်းရာမှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ စပို့တင်းကတော့ ၅ ကြိမ်စလုံးကို ဂိုးဝင်အောင် သွင်းနိုင်ခဲ့ပြီး မာတင်နယ်လီရဲ့ ကန်သွင်းချက်ကို စပို့တင်းဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာပါ။ အာဆင်နယ်တို့ ရှုံးချက်နာခဲ့ရပြီး ဥရောပဖလားမျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
အချိန်ပိုပြီးခါနီးမှာ စပို့တင်းဘက်က ကစားသမားတယေက် အနီကတ်ထိခဲ့ပေမယ့် အာဆင်နယ်တို့ ဂိုးရအောင် မလုပ်နိုင်ခဲ့ပါဘူး။ အချိန်က နှောင်းနေပြီဖြစ်သလို စပို့တင်းကလည်း ခံစစ်ကို အားပြုသွားခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်ကန်ခွင့်ရအောင် လုပ်ယူသွားခဲ့ပြီးနောက် အိမ်ရှင်ပရိသတ်ရှေ့မှာပဲ ပွဲကိုလှလှပပ အနိုင်ယူသွားခဲ့ပါတယ်။